Episode 25

928 113 6
                                    

Uni

"ကလေး ဘာတွေ စဉ်းစားနေတာလဲ။ အစာစားတဲ့အချိန်မှာ တခြားဆီစိတ်ရောက်တာ မကောင်းဘူးလို့ ငါပြောထားတယ်မဟုတ်ဘူးလား"

ထမင်းပန်းကန်အား စိတ်မပါလက်မပါ ခပ်စားနေတုန်း ဘွားဘွားကြီးအသံကြားလိုက်ရသည်မို့ သစ်တောက ကမန်းကတန်း ခါးကို ဆန့်သည်။ ဘွားဘွားကြီးသည် ထမင်းစားပွဲ ထိပ်ဆုံးခုံမှာထိုင်စားနေရင်း သူ့ကိုတစ်ချက်ကြည့်လာ၏။ ဘွားဘွားကြီး ဒီလိုရုပ်တည်နေပြီဆိုလျှင် များသောအားဖြင့် ဘာကိုဆိုလိုမှန်း သစ်တော သေချာသိသည်။

"သခင့်ဆီစိတ်ရောက်နေတာလား"

သစ်တော ဘာမှပြန်မဖြေမိတော့ ဘွားဘွားကြီးက သူ့ဟာသူ ရေရွတ်သည်။

"ဒီအတောအတွင်း နိုင်ငံထဲမှာ စစ်ပွဲတွေဖြစ်တာ စိပ်လာတယ်။ သခင်က မြို့စားပဲ။ သူ ဒီကိစ္စကို စီမံဖို့ အလုပ်ရှုပ်မှာပေါ့။ အဲ့တာကို သိပ်စိတ်မပူပါနဲ့။ အကုန်အဆင်ပြေသွားပါလိမ့်မယ်"

ဘွားဘွားကြီးက မျက်မှောင်ကျုံ့ရင်း သူ့ရှေ့ရှိဟင်းချိုခွက်ဆီမှ တစ်ဇွန်းခပ်သောက်သည်။ ဘေးမှာ ထမင်းထိုင်စားနေသော မမသူဇာနှင့် အန်တီချစ်ကတော့ ပြုံးစိစိတွေဖြစ်နေကြပေမဲ့ ဘာမှဝင်မပြောကြ။ မျက်နှာပိုးသေအောင်မနည်းကြိုးစားရင်း ငြိမ်သက်နေကြသည်။

"ဟုတ် ဘွားဘွားကြီး သား စိတ်မပူတော့ပါဘူး"

ထမင်းဝိုင်း၏ အခြေအနေ ပြန်အဆင်ပြေသွားစေရန် သစ်တော ခေါင်းပဲညိတ်ပြလိုက်မိသည်။ ဟိုနေ့က သူဌေးပြောသွားသော စကားများကြောင့် တမှိုင်မှိုင်တတွေတွေနှင့် ထိုအကြောင်းကိုပဲ စိတ်ရောက်နေမိသည်။ ဘွားဘွားကြီးကတောင် သတိထားမိသည်အထိ။

"သား ဘွားဘွားကြီးကိုစောင့်ပြီး အခန်းထဲခေါ်လာခဲ့နော်။ အန်တီချစ်တို့ အိပ်ရာတွေဘာတွေသွားပြင်လိုက်ဦးမယ် သိလား"

အန်တီချစ်က လက်တို့နှုတ်ဆက်ကာ သစ်တောကို ဘွားဘွားကြီးနှင့် နှစ်ယောက်တည်း ထားသွား၏။ ဒီလိုနှင့် ညစာစားသည့် ထမင်းဝိုင်းမှာ ဘွားဘွားကြီးနှင့်သူ နှစ်ယောက်တည်း။

သစ်တော (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ