Episode 2

1.3K 150 6
                                    

Uni

ကြိမ်ကုလားထိုင်လေးလုံးနှင့်တင် ကြပ်ညပ်နေရတဲ့ ဧည့်ခန်းလေးထဲ သစ်တော ဟိုလျှောက် ဒီလျှောက် လုပ်နေမိသည်။ တစ်ခုခုကို စိတ်လှုပ်ရှားရင်ပဲဖြစ်ဖြစ် ဖုန်းပြောရင်းပဲဖြစ်ဖြစ် ဟိုဟိုဒီဒီ လျှောက်သွားပြီး အငြိမ်မနေနိုင်တဲ့အကျင့်က ဘယ်တုန်းကတည်းက ဖြစ်တည်လာမှန်းမသိပါ။ အန်တီတို့ကတော့ သူ ဒီလိုဖြစ်နေတိုင်း ငြိမ်ငြိမ်ဆိမ်ဆိမ် ဖုန်းပြောဖို့ ဆူကြပေမဲ့ သူ့အကျင့်က ပျောက်မသွား။

ဒီနေ့ စနေနေ့ဖြစ်သည်။ တစ်ပတ်လုံးကို ကြိတ်မှိတ်သည်းခံအောင့်အည်းပြီး ရုံးတက်ရတာ သူ့အတွက် လွယ်ကူမလာတော့။ အရင်ကလိုမျိုး 'ဖြစ်ပါတယ်'လို့ အားတင်းလိုက်ဖို့ရာတောင် သူ့မှာ အားမရှိတော့သလို ထင်ရသည်။ ငါးလလောက် ဒီအလုပ်မှာ လုပ်လိုက်ရခြင်းက သူ့အားအင်တွေအကုန်လုံးကို ဖျစ်ညှစ်ယူသွားသည့်နှယ်။

ဘယ်လိုမှ မပျော်တဲ့ပတ်ဝန်းကျင်ကြီးမှာ နေရတာ ငရဲနဲ့တူလာတော့ ကြာရင် စိတ်ရောကိုယ်ပါ ချုံးချုံးကျတော့မည်။ ဒါကို သူ သေချာသိသည်။ မရေရာသေးသည့် အနာဂတ်အကြောင်းတွေးမိပြန်တော့ သက်ပြင်းချသံခပ်ကျယ်ကျယ်က အခန်းတွင်း ထွက်ပေါ်လာသည်။

ဧည့်ခန်းအနီး တစ်ဖက်နံရံမှာ ဘုရားကျောင်းဆောင်ရှိသည်။ ဘုရားကျောင်းဆောင်အောက် မိခင်နှင့်ဖခင်တို့ ဓာတ်ပုံများ ချိတ်ဆွဲထားရာကို လှမ်းကြည့်လိုက်ရင်း သစ်တော ဘယ်လိုတိုင်တည်ရမှန်း မသိအောင်ကို ဖြစ်မိသည်။ စိတ်ထဲက ခံစားချက်များကို အကုန်အစင် ဖွင့်ပြောပြချင်သော်လည်း သူတို့များ တကယ်ကြားနိုင်နေလျှင် စိတ်ပူသွားမှာလည်း ကြောက်ရသေးသည်။

တွယ်တာအားကိုးသော အကြည့်နှင့် မျက်ဝန်းကလေးများသည် ညှိုးငယ်ကျသွားကာ ဓာတ်ပုံများဆီမှ အကြည့်ခွာလိုက်သည်။ ဒီအလုပ်အင်တာဗျူးတော့ အဆင်ပြေလျှင်ကောင်းမည်။ ကံကဆိုးပုံများတော့ အစုလိုက်အပြုံလိုက် လာသလားမသိပါ။

လျှောက်လိုက်တဲ့နေရာ ဆယ့်နှစ်ခုမှာ ၅ခုပဲ အင်တာဗျူးဖို့ ဖုန်းဆက်လာသည်။ ကျန်သည့်နေရာတွေက ဘယ်ပျောက်လို့ ဘယ်လိုပျက်ကုန်သည်မသိ။ အင်တာဗျူး ငါးခုထဲ လေးခုမှာ သူ ဖြေခဲ့ပြီးဖြစ်သည်။

သစ်တော (Completed)Where stories live. Discover now