Episode 27

935 108 11
                                    

Uni

မီးဖိုခန်းထဲ၌ ရေနွေးဆူသံနှင့်အတူ အငွေ့ဖြူဖြူများက တထောင်းထောင်းထနေသည်။ ကန့်လန့်ကာသည် ပင်လယ်လေကြောင့် လှုပ်ခတ်လျှက်ရှိကာ နေရောင်ခြည်နွေးနွေးလေးက အခန်းထဲသို့ ဝင်ရောက်လာသည်။

ဒီနေ့ ရာသီဥတုကောင်းသည်ဟု တွေးမိတာကြောင့် သစ်တောက ပြုံးလိုက်သည်။ သူသည် စိမ်းပြာရောင်ခပ်ဖျော့ဖျော့ Pajamas ကိုဝတ်ဆင်ထားကာ သူ့တစ်ကိုယ်လုံးက နုနယ်လန်းဆန်းနေသည်။ အသားအရောင်သည် နေရောင်ခြည်ထဲ၌ တောက်ပနုနယ်နေပြီး သူ့မျက်နှာပေါ်က အပြုံးလေးက ဘာနှင့်မှ ယှဉ်မရပေ။

တောက်ပနေသော မျက်ဝန်းလေးနှင့် ကြည်လင်နေသော အမူအရာက ဘယ်သူ့ကိုမဆို စိတ်အေးစေနိုင်သော မြင်ကွင်းလေးဖြစ်သည်။ ကြောက်စရာအိပ်မက်တွေမက်ခဲ့ပြီး စိတ်ရှုပ်ထွေးမှုတွေနဲ့ ကြုံတွေ့နေရတာတောင်၊ ရာသီဥတုကောင်းတာလေးကို ကြည့်ရုံနဲ့ စိတ်ပျော်သွားတတ်တဲ့ အကျင့်လေးက တကယ့်ချစ်စဖွယ်ပင်။

ကမ္ဘာပေါ်မှာ သစ်တောကို ခပ်ကြာကြာ စိတ်ဆင်းရဲအောင် လုပ်နိုင်သည့် အရာရှားပါးသည်။ သူက ပျော်ရွှင်မှုကို နေရာတိုင်းကနေ ဘယ်လိုယူရမလဲဆိုတာ သေချာသိပြီးနေသည်ကိုး။

ပြတင်းပေါက်နားရပ်ကာ ကောင်းကင်ကိုအဝကြည့်ပြီးသည့်နောက် သစ်တောက ရေနွေးတွေကို ကြွေခရားအိုးထဲလောင်းထည့်လိုက်သည်။ ကြွေခရားအိုးသည် ဖြူဆွတ်နေပြီး စဉ့်သုတ်ထားသည်။ စဉ့်ပေါ်၌ အပြာရောင်ပန်းပွင့်သေးသေးလေးတွေ ပုံဖော်ထားလေရာ အလွန်ပင် လှပလေသည်။

ကြွေခရားအိုးကို ဗန်းထဲထည့်ပြီးသည့်နောက် အသင့်ပြင်ထားသော ခရေပန်းခြောက်များကို ရေနွေးထဲထည့်ခတ်လိုက်သည်။ ခရေပန်းခြောက်ရေနွေးက ဘွားဘွားကြီး၏ အသည်းစွဲဖြစ်သည်။ ကျန်းမာရေးအတွက်ကောင်းသလို မွှေးလည်းမွှေးသည်။

လေထုထဲသို့ ရောတက်လာသော ခရေပန်းရနံ့နှင့် ရေနွေးငွေ့တွေကြား သစ်တောက ပျော်မွေ့နေသည်။ သူ၏ လက်ဖက်ရည်ခွက်ထဲတွင်တော့ ညကတည်းက ကျိုထားသည့် ရေနွေးတွေရှိသည်။ ရေနွေးတွေက သိပ်မပူတော့တာမို့ သူ နှစ်နှစ်ခြိုက်ခြိုက် ငုံ့သောက်လိုက်သည်။ ဘွားဘွားကြီးကြောင့် သူလည်း ရေနွေးကြိုက်တတ်နေပြီထင်သည်။

သစ်တော (Completed)Dove le storie prendono vita. Scoprilo ora