Episode 24

949 112 10
                                    

Uni

လေတဟူးဟူးနှင့်အတူ မြက်ခင်းပြင်မှ မြက်ရိုင်းများက ဟိုဟိုဒီဒီယိမ်းနွဲ့နေကြသည်။ အေးခဲနေသည့် ရေခဲမြစ်ပြင်ဘေးမှ မြက်ရိုင်းများသည် ဝါဖျော့ဖျော့အရောင်များဖြင့် နူးညံ့ညင်သာစွာလှပနေကြပြန်သည်။ အေးစက်လွန်းလှသောလေနှင့်အတူ လွင့်ပါသွားတတ်သည့် ရွှေရောင်ဆံပင်တို့ကို အသာသိမ်းယူကာ ထိုသူက နမ်းရှိုက်၏။

မြင်းတစ်ကောင်ပေါ်မှာ နှစ်ယောက်သား ပူးကပ်ထိုင်နေရသဖြင့် သူ ထိုလူ့ကို မတားဆီးနိုင်ခဲ့။ သူ့ဆံပင်ထွေးက ထိုသူ၏ လက်တွင်း၌ရှိနေကာ အမြတ်တနိုး နမ်းရှိုက်ခြင်းကို ခံလိုက်ရသည်။ သူ ထိုသည်ကိုကြည့်ရင်း ညက ကိုက်ရာတွေတောင် ပြန်နာလာသလို ခံစားရလေသည်။ မဟုတ်သေး။ ဒီလူကို သူ ဘယ်တုန်းကမှ တားဆီးနိုင်ခဲ့တာမဟုတ်။

အေးခဲနေသော လေကို အကာအကွယ်ပေးရန်ဟူသော အကြောင်းပြချက်ဖြင့် ထိုလူက ခန္ဓာကိုယ်နှစ်ခုကို ပူးကပ်ပစ်လိုက်သည်။ သားမွှေးတွေ အထပ်ထပ်ဝတ်ထားသဖြင့် သူ တစ်စက်ကလေးမှ မအေးကြောင်း ရှင်းပြလျှင်လည်း ထူးမှာ မဟုတ်တာသေချာသည်။ ထိုသူက နှင်းရေခဲတွေလို အေးစက်နေသော နှုတ်ခမ်းတွေနှင့် သူ့ကို ခပ်ကြမ်းကြမ်းနမ်းလာသည်။

သန့်စင်အေးစက်နေသော လေထုမှာ ကြမ်းတမ်းမှုနှင့်အတူ တစ်စုံတစ်ရာ ပျောက်ဆုံးသွားသကဲ့သို့ရှိသည်။ အသက်ရှူမဝဖြစ်နေသော သူ့ကို လွှတ်ပေးကာ ထိုသူက သူ့လည်တိုင်များကို တဖွဖွနမ်းရှိုက်ရင်းမေးသည်။

"ကိုယ့်ကို ချစ်ရဲ့လား"

ဟင့်အင်း

နှိုးစက်မြည်သံနှင့်အတူ သစ်တော နိုးလာသည်။ အပြင်မှ ဆူဆူညံညံအသံများကိုလည်း ကြားရသည်။ ကားသံများ ပစ္စည်းရွှေ့သံများ အစရှိသဖြင့်။ ဘွားဘွားကြီးတို့ ပြန်ရောက်ပြီဆိုတာ မေးနေစရာပင် မလိုတော့သောကြောင့် သစ်တော နှိုးစက်ကိုပိတ်ကာ ကုတင်ပေါ်မှ အမြန်ဆင်းလိုက်သည်။

အိပ်မက်များကြောင့် အိပ်ရေးမဝသော ခန္ဓာကိုယ်က တစ်ချက်လောက် ယိုင်သွားပြီးမှ သန့်စင်ခန်းဆီရောက်တော့သည်။ ရေမိုးချိုးအဝတ်အစားလဲပြီးသည်အထိ သူ့စိတ်တွေ ကြည်လင်မနေခဲ့။ ထမင်းစားခန်းထဲမှာ ဘယ်သူတွေကို တွေ့ခဲ့သလဲ။ မမသူဇာကိုရော ပြုံးပြခဲ့မိသလား သူ မသိ။ သူ သတိရသည့်အချိန်တွင် ဘွားဘွားကြီးအခန်းထဲ ရောက်နေခဲ့ပြီဖြစ်ပြီး ဘွားဘွားကြီးက မျက်မှန်ထူထူတစ်လက်ကိုတပ်ကာ အိပ်ရာပေါ်တွင် ချည်ထိုးနေတာဖြစ်သည်။

သစ်တော (Completed)حيث تعيش القصص. اكتشف الآن