Uni
"အရှင် မလာတော့ဘူးလို့ ထင်ခဲ့တာ။ တကယ်ကို ကြင်နာစွာ လာရောက်ချီးမြှင့်ပေးတာပါပဲ"
သူဌေး၏စကားအားကြားတော့ Floyd ကပြုံးသည်။
"မဟုတ်ပါဘူး ကျွန်တော် ဒီမြို့ကိုရောက်စတုန်းက သူဌေးကြီးဆီမှာနေခဲ့တာ ဘယ်မေ့ပါ့မလဲ။ ကျွန်တော်တို့က တခြားလူတွေလိုမှ မဟုတ်တာ"
Floyd ၏မျက်နှာမှအပြုံးသည် ချိုမြိန်သလို အန္တရာယ်များသည့်အသွင်လည်း ဆောင်သည်။ သူဌေးအိမ်မှ ရဲတိုက်သို့ ပြောင်းရွှေ့သွားပြီးသည့်နောက် တွေ့စရာရှိသည့် ကိစ္စများအား အပြင်မှာသာ ပြောဆိုဆွေးနွေးတတ်သည်။
စကားလည်းပြတ်သလို အင်အားလည်းကြီးသော မြို့စားမင်းအား ဘယ်သူမှ မတွန်းလှန်နိုင်ကြ။ အနောက်နယ်စပ်က စစ်ပွဲက သူ့ကြောင့်အနိုင်ရခဲ့တော့ မြို့စား Floyd ၏ ဂုဏ်သတင်းက မြင့်သထက်ပင် မြင့်သွားသည်။ သူဌေးကြီးအဖို့ကတော့ သူ့သမီးကို Floyd နဲ့လက်ထပ်ပေးဖို့အတွက် နည်းနည်းလေးမှ မစောင့်နိုင်တော့။
"ပန်းခြံထဲမှာ ဧည့်ခံဖို့ ပြင်ဆင်ထားပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ဆိုတော့ အရှင် စိတ်ပြေလက်ပျောက်ဖြစ်မှာပါ။ ကျွန်တော်မျိုး လိုအပ်တဲ့ စာရင်းဇယားတွေကို ကိုယ်တိုင်သွားယူပေးမှာမို့ ခဏလေးစောင့်ဖို့ စိတ်မရှိပါနဲ့ အရှင်"
သူဌေးကြီးက ညင်သာစွာပြောလာသည်။ လူပေါင်းများစွာအား ပြောဆိုဆက်ဆံခဲ့ပြီးနောက် သူ၏ ပေါင်းသင်းဆက်ဆံရေးက အလွန်ကောင်းမွန်သည်။ လူတစ်ယောက်ကို ကိုယ်လိုချင်သလို နေအောင် ဘယ်လိုပြောရမလဲဆိုတာ သူကောင်းကောင်းသိသည်။
"မြန်မြန်တော့ လုပ်ပါဗျာ။ ဒါပြီးရင် ဘုရင်မင်းမြတ်ဆီကို သဝဏ်လွှာပါးဖို့ကိစ္စရှိတာနဲ့..."
"ဪ ဟုတ်တာပေါ့ ဟုတ်တာပေါ့ မြန်မြန်ဖြစ်ရပါစေ့မယ်"
သူဌေးကြီးက ပျာယီးပျာယာဟန်ဖြင့် အိမ်ထဲသို့ ဝင်သွားလေသည်။ သူ စာရင်းသွားယူနေချိန် သူ့သမီးကို မြို့စားကြီးဆီ လွှတ်ရမည်။ ဒါမှသာ လက်ထပ်ဖြစ်ဖို့ ပိုနီးစပ်နိုင်မည်ပဲ။ သူ အရမ်းအလျှင်စလိုတော့မဖြစ်။ မြို့စား Floyd က မြို့ထဲက ဘယ်မိန်းကလေးနဲ့မှ နီးနီးကပ်ကပ်နေတာမဟုတ်ပေ။
YOU ARE READING
သစ်တော (Completed)
RomanceUni မျက်လုံးချင်းဆုံတိုင်း ရလာတဲ့ ရင်းနှီးနေတဲ့ ခံစားချက်တွေ၊ ညသန်းခေါင်အိပ်မက်ထဲက ဝိုးတိုးဝါးတား အနမ်းတွေ၊ လရောင်အောက်က သင်မထားလည်း အလွတ်ရနေတဲ့ ကကွက်တွေ... ကြည့်ရတာ ဒီအချစ်က ဒီဘဝမှ စခဲ့တာ မဟုတ်ဘူးထင်ပါရဲ့။ ။ Cover By Pinterest Zawgyi မ်က္လံုးခ်င္း...