Episode 14

1K 122 8
                                    

Uni

"အန်တီချစ်..."

"ဟေ"

အခက်တွေ့နေပုံဖြင့် အပေါက်ဝသို့ရောက်လာသော ဝေဝေ့ကြောင့် သစ်တောရော အန်တီချစ်ပါ ထူးဆန်းသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ သစ်တောက ဘွားဘွားကြီးနဲ့အတူ ဇာတ်လမ်းကြည့်ပေးနေတာဖြစ်ပြီး ဘာသာပြန်စာတန်းတွေကိုလည်း သေချာဖတ်ပြနေကာ ဇာတ်လမ်းက ဘယ်လိုဘယ်ပုံဖြစ်ကြောင်း ရှင်းပြနေတာဖြစ်သည်။

ကိုရီးယားဇာတ်လမ်းတွဲမို့ အန်တီချစ်ကပါ ဝင်ကြည့်တော့ အခန်းထဲမှာ သုံးယောက်သား ဆုံနေကြသည်။ ပြောသာပြောရသည်။ ဘွားဘွားကြီးကတော့ ဇာတ်လမ်းကို သိပ်စိတ်ဝင်စားပုံတောင်မပေါ်။

"ဘာဖြစ်လို့လဲ ဝေဝေ"

ဝေဝေသည် တစ်ချက်မဲ့ပြလိုက်ရင်း အခန်းထဲကို လျှောက်ဝင်လာသည်။

"သူဌေးရယ် မနက်ကတည်းက အခန်းထဲက ထွက်မလာတာနော်။ လူမမာညည်းသံလိုလည်း ကြားတယ်"

"ဟေ"

အန်တီချစ် မျက်လုံးပြူးသွား၏။

"ဟုတ်မှဟုတ်ရဲ့လား ဝေဝေရယ်။ သူဌေးက နေမကောင်းဖြစ်ခဲပါတယ်။ သူ မနက်ကတည်းက အပြင်မထွက်တာ နင်ဘယ်လိုသိလို့လဲ"

"ဖိနပ်တွေ့တယ်လေ အန်တီချစ်ရဲ့။ သမီး ဟိုတယ်ကိုလည်း လှမ်းမေးသေးတယ် မရှိဘူးတဲ့။ အခန်းထဲက ညည်းသံလည်း ကြားတယ်ဆိုတော့ အဲ့တာ..."

ဝေဝေက ဆက်ပြောနေသည်။ အန်တီချစ်က ဖြစ်စဉ်တစ်ခုလုံးကို ခန့်မှန်းမိသွား၏။ ဒီကောင်မလေး သူဌေးအခန်းထဲက ညည်းသံကြားလို့ သရဲလား ဘာလားဆိုပြီး လိုက်စုံစမ်းပုံရသည်။ လောလောဆယ် အဲ့ဒီကိစ္စထက် သတိုးညီလာ တကယ်နေမကောင်းဖြစ်နေမလားမသိတာမို့ အန်တီချစ်က ခပ်မြန်မြန်ထရပ်သည်။

"အေးအေး သွားကြည့်မယ် ဒါဆို"

"သော့သွားယူလိုက်ရမလား အန်တီချစ်"

"အဲ"

အပြင်ထွက်တော့မည့် အန်တီချစ် ခြေလှမ်းတွေက တုံ့ခနဲဖြစ်သွားသည်။ သူ မေ့သွားသည်ပင်။ သတိုးညီလာက နေမကောင်းဖြစ်ခဲသလောက် တစ်ခုခုဖြစ်ပြီဆိုရင် အခန်းတံခါးပိတ်ပြီး ဝင်လာသမျှကို အော်ထုတ်တတ်သည့်အကျင့်ရှိသည်။ တစ်ယောက်တည်း ကြိတ်မှိတ်ပြီး အိပ်နေတတ်ကာ နည်းနည်းသက်သာတော့မှ ဆေးထွက်သောက်တတ်တဲ့ အမျိုး။

သစ်တော (Completed)Tempat cerita menjadi hidup. Temukan sekarang