Episode 23

1.1K 123 4
                                    

Uni

သစ်တော မျက်တောင်ဖျားလေးတွေ တဖျတ်ဖျတ်လှုပ်ခတ်သွားသည်။ မျက်ဝန်းတို့က အသာအယာပွင့်လာပြီးနောက် ရီဝေဝေဖြစ်နေကာ မက်ခဲ့သည့်အိပ်မက်ကို ပြန်တွေးနေဟန်ရှိသည်။ အခန်းသည် မှောင်နေသေး၏။ မနက်မရောက်သေးသည်ကြောင့် ညသန်းခေါင်လောက်ကြီး နိုးလာတာဖြစ်ကြောင်း သူ ခန့်မှန်းမိလိုက်သည်။ သူ အိပ်မက်ဆိုးမက်ခဲ့တာတော့ မဟုတ်ပေမဲ့ ဘာလို့ သူ့ နှလုံးသားတွေ လှိုက်ဖိုနေရသလဲဆိုတာ သူလည်းမသိ။

သူ မသိသည့်အရာတွေသည် အမှောင်ထဲနစ်မြုပ်နေကာ သူ့ကို လာကြည့်ဖို့ရန် ဖိတ်ခေါ်နေသယောင်ခံစားရသည်။ ဒီလိုအိပ်မက်တွေအပြင် ပြည့်နေတဲ့ လဝန်းတွေ၊ ရဲတိုက်လို အဆောက်အဦအမြင့်ကြီးတွေ၊ အင်္ဂလိပ်ခေတ်က ဂါဝန်တွေဟာ သူ့ကို ခံစားချက်တစ်မျိုးပေးစွမ်းနိုင်သည်။ ဒီအရာတွေကို သူ ကြုံဖူးဆုံဖူးခဲ့သည့်နှယ် ဆွေးသလိုလို အမည်မဖော်တတ်သော ခံစားချက်ကြီး။

သက်ပြင်းဟု ခေါ်၍မရသော သက်ပြင်းအသေးစားလေးကို သူ ချသည်။ ငြိမ်သက်စွာ တိတ်ဆိတ်နေရင်းမှပင် ရင်းနှီးနေသည့် ခံစားချက်အား ခံစားလိုက်ရသည်။ စိုက်ကြည့်ခံရတဲ့ ခံစားချက်... သူ ရှိနေတာလား။

သစ်တော ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးတွေ ထသွားသလို ခံစားလိုက်ရသည်။ ကမန်းကတန်း အိပ်ရာပေါ်မှ ထရင်း ခြေရင်းဘက်ကို ကြည့်မိတော့ ပွင့်နေတဲ့ပြတင်းပေါက်ဘေး အငွေ့တလူလူ ဆေးလိပ်တစ်လိပ်ကို ကိုင်ထားသည့် သူ့အား မြင်လိုက်ရသည်။

လရောင်သည် ပြတင်းပေါက်မှ တဆင့် အခန်းထဲသို့ မှိန်ပျပျ ကျရောက်နေသည်။ ဆေးလိပ်မီးရဲရဲသည် လရောင်ထက်ပင် ပိုတောက်ပနေကာ ငြိမ်းချမ်းသော လရောင်နှင့် *ဖီလာဖြစ်နေသည်။ ဆေးလိပ်ကိုင်ထားသော အမျိုးသားသည် ထိုင်ခုံ၌ ငြိမ်သက်စွာထိုင်နေကာ သူ့ဘက်သို့ မျက်နှာမူ၍ စိမ်ပြေနပြေကြည့်နေခဲ့ဟန်ရသည်။

ဘယ်တုန်းကမှ ကြယ်သီးတပ်ထားလေ့မရှိသော အင်္ကျီက ခပ်ထွားထွားရင်အုပ်တို့အား လှစ်ဟင်းပြသလျက်ရှိသည်။ လရောင်အောက်၌ ဘယ်ဘက်ရင်အုံမှ တက်တူးသည် ပြတ်သားထင်ရှားနေသည်။ အင်္ကျီရှပ်လက်ရှည်ကို တံတောင်ဆစ်လောက်ထိ ခေါက်တင်ထားရာ သတိုးညီလာပုံစံက အလွန်တရာမှ ပူအိုက်နေသယောင်ယောင်။

သစ်တော (Completed)Où les histoires vivent. Découvrez maintenant