Episode 29

925 116 3
                                    

Uni

စိတ်ပူခြင်းများစွာနှင့် သူ ရဲတိုက်ဆီရောက်သွားခဲ့သည်။ ခါတိုင်းလိုပင်။ ဗလကြီးနှင့် အစ်ကိုကြီးတစ်သိုက်က အဝင်ဝ၌ ရှိနေကြသော်လည်း သစ်တောကိုမူ တားမြစ်ခြင်းတစ်စုံတစ်ရာမရှိ။ သူ ရောက်လာတာကိုမြင်တော့ ကမ္ဘာကြီး ပိုကောင်းလာတော့မယောင် ပြုံးစစလုပ်နေကြသေးသည်။

သစ်တော ထိုအရာတို့ကို ဂရုမစိုက်နိုင်တော့။ လူတစ်ယောက်သည် သူ့ရင်ထဲ၌ စိုးမိုးနေသည်။ ထိုလူအန္တရာယ်ဖြစ်မှာကိုစိုးရိမ်ပြီး ဘယ်လိုအရာကို ရှက်ရကြောက်ရမလဲတောင် မသိတော့။ အဲ့ဒီလူ ဘာမှမဖြစ်နိုင်မှန်းသိနေတာတောင် ဘာဖြစ်လို့ စိတ်ပူနေမိမှန်း သူကိုယ်တိုင်တောင် တွေးလို့မရ။

ရဲတိုက်သည် ခါတိုင်းလိုပင် မည်းမှောင်နေသည်။ သူ မီးဖွင့်လိုက်တော့ အလယ်ပိုင်းခေတ် အသုံးအဆောင်များကို မြင်ရသည်။ သူ ဒီကို အရောက်အပေါက်နည်းပေမဲ့ ဒီနေရာကို တကယ်သဘောကျသည်။ ရဲတိုက်ပိုင်ရှင်ကြောင့်သာမဟုတ်ရင် ခဏခဏ ဒီကို လာနေလောက်သည်။

များပြားလှသော လှေကားနှင့် အခန်းပေါင်းများစွာကိုကြည့်ကာ သူ ဝမ်းနည်းလာရသည်။ ဒီထဲက ဘယ်အထပ်မှာများ အဲ့ဒီလူရှိနေပါ့မလဲ သူ တကယ်မသိ။ ဖုန်းထဲက ဓာတ်ပုံကိုပြန်ကြည့်လိုက်ကာ ၈ ထပ်မြောက်လောက်မှာ ရှိနိုင်မည်မှန်း သူ့ဘာသူ ခန့်မှန်းလိုက်သည်။ သူဌေးကတော့ သူ့ကို စာလည်းမပြန်သလို ဖုန်းလည်းမဖြေသေး။

လှေကားအရှည်ကြီးတွေကို မမောနိုင်မပန်းနိုင်ပြေးတက်လိုက်သည်။ အရင်ကဆို မောနေလောက်မှာ သေချာပေမဲ့ အခုတော့ သူ့ဇောနဲ့သူ မောလည်းမမောနိုင်။

အခန်းတစ်ခုကိုအဖြတ် ဖုန်းသံလို ခပ်တိုးတိုးလေးကြားလိုက်ရတော့ သူ ပျော်သွားသည်။ ဖုန်းကိုဆက်တိုက်ခေါ်နေခဲ့တာမို့ ဒီထဲမှာ အဲ့ဒီလူရှိနေတာ သေချာပြီပဲဖြစ်သည်။

သူ စိုးရိမ်တကြီးဖြင့် အခန်းတံခါးကိုဖွင့်လိုက်သည်။ တံခါးလော့ကျနေမှာ ကြောက်နေခဲ့ပေမဲ့ တံခါးက အသာလေးပင် ပွင့်သွားသည်။ ဝရန်တာမှ လေရူးတစ်သိုက်က တံခါးဖွင့်လိုက်သည့် သူ့ကို ဝင်တိုက်သွားကြကာ တစ်ကိုယ်လုံးကို အေးမြသွားစေသည်။

သစ်တော (Completed)Opowieści tętniące życiem. Odkryj je teraz