Episode 21

956 116 10
                                    

Uni

ဝုန်း ဝေါ ဂျိမ်း

မိုးရွာသံတွေက မိုးကြိုးပစ်သံတွေ၊ သစ်ရွက်ခတ်သံတွေနဲ့အတူ ရောထွေးနေသည်။ မကြုံစဖူး သည်းထန်စွာ ရွာသွန်းနေတာမို့ မိုးရေတွေက အင်တိုက်အားတိုက် ပြိုဆင်းလာကြသည်။ တဝေါဝေါရွာသွန်းနေသည့် မိုးရေတွေကို ငေးကြည့်ဖို့ရာ Cork က အိပ်ရာထဲမှ လူးလဲထလိုက်သည်။

အဖြူရောင် ပိုးဖဲဂါဝန်က သူ့လှုပ်ရှားမှုတစ်ခုချင်းစီအတွက် ဝေ့ခနဲ ဝဲခနဲ လှုပ်ရှားပေးရှာသည်။ အထူးသဖြင့် ခါးသိမ်သိမ်ကလေးနှင့် ကွက်တိကျနေသော ပိုးဖဲဂါဝန်ဖြူဆွတ်ဆွတ်က သူ့ခန္ဓာကိုယ်အလှကို ပို၍ ပေါ်လွင်ထင်ရှားအောင် ဖန်တီးပေးသည်။ ရွှေဝါရောင် ဆံပင်ရှည်ကြီးသည် အိပ်ရာမှ ထခါစဖြစ်သဖြင့် အနည်းငယ် ပွယောင်းယောင်းဖြစ်နေသော်ငြား အိစက်ကာ နူးညံ့သည့်အသွင်ဆောင်နေဆဲ။

ရဲတိုက်၏ မီးအိမ်များမှ အလင်းရောင်သည် သူ့အပေါ်သို့ ခပ်ဖျော့ဖျော့ ကျရောက်နေသည်။ မီးရောင်အောက်တွင် Cork မျက်နှာသေးသေးလေးက ဘာသွေးရောင်မှ မရှိဘဲ ဖြူဆွတ်နေခဲ့သည်။ မိုးရွာသည်အားကြည့်ရန် စိတ်အားထက်သန်စွာ ထလာသည်ဖြစ်သော်ငြား သူ့မျက်နှာလှလှလေးပေါ်၌ ဘာ ခံစားချက်မှ မရှိ။

ဒီလိုပင်ဖြစ်ခဲ့သည်။ ငယ်ငယ်တုန်းက ငိုသည်ရယ်သည် သဲသဲကွဲကွဲ ပြသတတ်သော မျက်နှာလေး ရှိခဲ့ပေမဲ့ အတင်းအကြပ်သိမ်းပိုက်ခံရပြီးနောက်ပိုင်း Cork ၏ သဘာဝက တိတ်ဆိတ်သထက် တိတ်ဆိတ်လာသည်။

မျက်နှာသေနှင့် အရာရာကို ရင်ဆိုင်လာတတ်ပြီး ဟာသတွေ့ရင်တောင်မှ မရယ်တတ်တော့။ သူ တတ်နိုင်တာအားလုံးက နှုတ်ခမ်းလှလှလေး၏ ထောင့်စွန်းများကို ကွေး၍ ပြုံးရုံလေးသာ။

ကုတင်ခြေရင်းမှ မှန်ပြတင်းပေါက်ရှည်ကြီးသည် ရှည်လျားသော လိုက်ကာနီကြီးဖြင့် အမြဲဖုံးအုပ်ခြင်းခံခဲ့ရသည်။ ထိုသည်ကလည်း Cork ၏ အမြင့်ကြောက်စိတ်ကြောင့်ဖြစ်ပြီး ဘယ်သောအခါမှ လိုက်ကာကို ဖွင့်ပစ်ဖို့ သူ သတ္တိမရှိခဲ့ပေ။ လပြည့်နေ့လိုနေ့မျိုးမှာ အပြင်ဘက်ရှုခင်းကိုကြည့်ချင်ရင်တောင် နိမ့်သထက်နိမ့်သည့် ရဲတိုက်အထပ်ကို ဆင်းကာ ကြည့်ရသည်အထိ သူ့အမြင့်ကြောက်စိတ်က တော်တော်လေး ဆိုးဝါးသည်။

သစ်တော (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ