Episode 16

1K 128 9
                                    

Uni

အိပ်ရာထဲ၌ ဟိုလှိမ့်ဒီလှိမ့်လုပ်ပြီးသည့်နောက် ထထိုင်ဖို့ရာ သစ်တော ဆုံးဖြတ်ချက်ချလိုက်ရသည်။ ငှက်သံပိကျိတွေသည် လှိုင်းပုတ်သံ တဝုန်းဝုန်းနှင့် ဆူညံနေကာ ပြန်အိပ်မရအောင်ဖြစ်စေသည်။ ဒီကိုရောက်ပြီး ရက်သတ္တပတ်အတော်ကြာပြီဟု ပြောလို့ရပြီမို့ သစ်တော ဒီလှိုင်းပုတ်သံနှင့် အတန်အသင့်ရင်းနှီးနေလေပြီ။

ဒီနေ့ အန်တီချစ်က သူ့ကို နားရက်ပေးထားသည်။ ဘွားဘွားကြီး မွေးနေ့မို့ ဈေးဝယ်ထွက်ကြမည်ဟု ဆိုသည်။ အန်တီချစ်ရော မမသူဇာရော ယုတ်စွအဆုံး ဘွားဘွားကြီးကပါ လိုက်သွားမှာဆိုပေမဲ့ သူ့ကိုတော့ ဘွားဘွားကြီးက အိမ်စောင့်အဖြစ် ထားခဲ့၏။

"ကလေးအတွက် မုန့်ဝယ်လာခဲ့မယ်"

မျက်ဝန်းတွေမှေးနေအောင်ပြုံးကာ သူ့ကို ပြောထားခဲ့သော စကားကို ပြန်သတိရမိသွားသည်။ သစ်တော အိပ်ရာထဲ၌ ထိုင်ကာ ပါးတွေမို့တက်လာအောင် ပြုံးလေသည်။ အပြင်မလိုက်ရပေမဲ့ ဒီလိုဆက်ဆံခံရတာကို သူ့မှာ ပျော်လို့မဆုံး။

ဘွားဘွားကြီးက ဒီလိုအချိန်မျိုးဆို တကယ်ကို သူ့ရဲ့အဘွားအရင်းလိုမျိုးပင်။

အိပ်ရာမှ ထလိုက်ပြီး စောင်ကို လုံးထွေးထားခဲ့ကာ ဘေးမှ ရေဘူးကိုယူပြီး တဝသောက်လိုက်သည်။ သစ်တော ဒီနေ့ တက်ကြွလွန်းနေသည်။ မနေ့ကတည်းက အစီအစဉ်ကြိုဆွဲထားခဲ့သော စာရွက်လေးကို ကြည့်ကာ သူ့စိတ်တွေက တားမရဆီးမရ။

ဘွားဘွားကြီးရှေ့မှာ မိန်းမလိုလို ယောကျ်ားလိုလို အင်္ကျီတွေဝတ်ခဲ့ရသမျှ ဒီနေ့တော့ ကိုယ်ကြိုက်တာ ကိုယ်ဝတ်နိုင်ပြီဖြစ်သည်။ နောက်ပြီး ကျွန်းပေါ်မှာ အားလပ်ရက်ရတာ နည်းနည်းနောနော ပျော်ဖို့ကောင်းတာမှမဟုတ်ဘဲ။ အချိန်ရရင် ဟိုတယ်ဘက်သွားချောင်းကြည့်ရဦးမည်။

ရေမြန်မြန်ချိုးပြီးသည့်နောက် ကိုယ့်ကိုယ်ကိုယ် ရွှိုင်းဖို့ရာ မှန်ရှေ့ရပ်ကြည့်လိုက်သည်။ အနက်ရောင်ဆံပင်လှိုင်းတွန့်တွေက ခေါင်းလျှော်ပြီးစမို့ အနည်းငယ်ဖွားလျနေသည်။ ဒီနေ့တော့ ကမ်းခြေကို သွားဖြစ်အောင် သွားရမည်။ ဆံပင်ဖျားတွေ လေမှာလွင့်နေသည့် ခံစားချက်ကို သူ သဘောကျပေသည်။

သစ်တော (Completed)Where stories live. Discover now