Ep 29

1.2K 111 23
                                    

မိုးလေကင်းကာ တိမ်ကင်းစင်သည့်အလျောက် အပြာရောင်ကောင်းကင်ကြီးကလည်း အစွမ်းကုန် လင်းထင်းနေသည်။

"စိတ်လှုပ်ရှားနေတာလား"

ကားပေါ်မှ မဆင်းရသေးခင် မေးလာသော နေလင်းထက်ကို ကြည်လင်သူလှည့်ကြည့်ရင်း ခေါင်းခါပြသည်။

"လာနေကြဆိုတော့ ဘာမှမဖြစ်ပေမယ့် ဦးနေလင်းထက်နဲ့လာတာက ပထမဆုံးဆိုတော့ ဂေဟာက မေးကြမှာလေ"

"ဪ ဘာများလဲလို့၊ အဲ့တော့လည်း မိတ်ဆက်ရတာပေါ့"

ထိုသို့ပြောကာ ကားပေါ်မှ အရင်ဆင်းသွားသော နေလင်းထက်ကြောင့် ကြည်လင်သူပါ လိုက်ဆင်းရတော့သည်။ ထို့နောက် ကားပေါ်ရှိပါလာသော ကျောင်းသုံးကိရိယာပစ္စည်းများနှင့် မုန့်ပဲသရေစာများကို နိုင်သလောက်သယ်ကာ ပထမဆုံးတွေ့မြင်ရသည့်အဆောင်ထဲသို့ ဝင်လာကြသည်။ ထိုစဉ် ကလေးအကြီးတန်းများ စာကျက်ချိန်ဖြစ်နေသောကြောင့် အသက်နည်းနည်းကြီးသည့် ကောင်လေးတစ်ယောက်က ကြည်လင်သူတို့ထံပြေးလာကာ လက်ထဲမှ အထုတ်များကို ဝိုင်းသယ်ပေးသည်။

"ဆရာက အခုပဲ အပြင်ခဏထွက်သွားလို့ဗျ၊ သားတို့ဘာတွေသယ်ပေးရဦးမလဲ"

"ကားပေါ်မှာ နည်းနည်းကျန်သေးတယ်၊ အစ်ကိုနဲ့လိုက်သယ်ပေးနော်"

ကြည်လင်သူက ထိုသို့ပြောကာ ကောင်လေးနှင့်အတူ ကားဆီသို့ နောက်တစ်ခေါက်ပြန်သွားရသည်။ နေလင်းထက်ကတော့ စာကျက်နေသည့် ကလေးများကို မမြင်ဖူးသည့်အလား မှင်သက်ကာ ကြည့်ရင်း ကျန်ခဲ့သည်။

"ဘယ်နှတန်းတွေရောက်ကုန်ကြပြီလဲ ကလေးတို့"

အနီးရှိကလေးတစ်ယောက်ကို စတင်မေးမြန်းကြည့်သည်။

"ငါးတန်း"

"ငါးတန်းဆိုတော့ စာတွေတော်တော်ကြိုးစားရတော့မှာပဲ၊ အသက်ဘယ်လောက်ရှိပြီတုန်း"

"၁၃နှစ်ပါ...."

အသက်နှင့် ပညာရေးအဆင့်ကကွာခြားနေသည်ကို နေလင်းထက်သတိထားမိသည်။ ဘာပဲဖြစ်ဖြစ် သူတို့ကြိုးစားနေကြတာပဲ။ ပညာရေးမှာ နောက်ကျတယ်၊ စောတယ်မရှိပါဘူးလေ။

ညံနေအောင်ချစ်မည် (loving you out loud)Donde viven las historias. Descúbrelo ahora