Part 22

8.8K 500 12
                                    

Unicode


လက်ထပ်ပြီးပေမယ့် ဝန်းလေးသည် ဒယ်ဒီနှင့်မာမီ စီးပွားရေးအား ဝင်လုပ်ပေးနေပြီး တိုင်းဝဠာပျိုသည် ဖေဖေ ကျောက်မျက်ဆိုင်ကို တစ်ခါတစ်လေ ကူပေးသည်။ Treasure airline တွင် မြန်မာနှင့်ကိုရီးယားလိုင်းအား သူဝင်မောင်းနေပြီဖြစ်ပြီး တစ်ခါတစ်ခါပြန်လာလျှင်လဲ ဟိုဘက်မှ ပစ္စည်းတွေ ဝယ်ချလာတာဖြစ်၏။ ဝန်းလေးအတွက်၊ ကိုကိုကြီးအတွက်၊ အလင်းဇက်လေးအတွက်၊ ဒယ်ဒီအတွက်၊ ဖေဖေ့အတွက်၊ တီလေးအတွက် စသည်ဖြင့် တစ်ခေါက်သွားတစ်ခေါက်မရိုးနိုင်အောင် အမျိုးအမည်မတူသည့်အရာတွေ ပါလာစမြဲဖြစ်သည်။

“ကိုကို ဝန်းလေး မီတင်ရှိတယ်”

“အင်း ခဏလေး ဝန်းလေး ဘာလိုချင်လဲ ကိုကိုဘာဝယ်ခဲ့ရအုန်းမလဲ”

“ခေါက်ဆွဲဝယ်ခဲ့ကိုကို၊ ပြီးတော့ အဲ့ကတီရှပ်လေးတွေဝယ်ခဲ့ အဲ့ဒါဝတ်လို့ကောင်းတယ်”

“အင်း ပြီးတော့ရော”

“ကိုကို မြန်မြန်ပြန်လာခဲ့”

ဖုန်းမျက်နှာပြင်တစ်ဖက်ခြမ်းမှမြင်နေရသည့် တိုင်းဝဠာပျိုသည် ဝန်းလေးဆီမှ မြန်မြန်ပြန်လာဆိုသည်အား ကြားသည်နှင့်ပြုံးသွားသည်။ ဝန်းလေးသည် လက်ထပ်ပြီး လုပ်ငန်းခွင်ဝင်သွားသည်နှင့် လူကြီးပေါက်စတစ်ပိုင်းဖြစ်သွား၏။ အိမ်ပြန်လာလျှင်လည်း အလုပ်သည်မပြတ်။ တစ်ခါတစ်လေ ကိုကို့အားအလုပ်ကိစ္စမသိလျှင်သွားမေးတတ်သေးသည်။

“အင်း မြန်မြန်ပြန်ခဲ့မယ် လိုချင်တာတွေလဲဝယ်ခဲ့မယ်”

“ဟုတ် ဖုန်းချလိုက်တော့မယ်နော်ကိုကို၊ အစည်းအဝေးသွားရတော့မှာမို့လို့”

“ချစ်တယ် baby”

“ကိုကို့ကိုလည်း ချစ်တယ်၊ လွမ်းနေပြီ မြန်မြန်ပြန်ခဲ့”

“အင်း”

လူကြီးလေးတစ်ပိုင်းဖြစ်နေသည့် ဝန်းလေးသည် ထိုသို့ပင်။ အရင်ကထဲမှ လေအေးလေးနှင့်စကားပြောတတ်သည့် ဝန်းလေးသည် အခုဆိုလျှင် ပိုကာအေးအေးလေးဖြစ်သွား၏။ သူနှင့်တွေ့လျှင် မပြောင်းလဲပေမယ့် အလုပ်ထဲရောက်လျှင် လူကြီးလေးဖြစ်ကာ တိတိကျကျသမားလေး ဖြစ်သွားသည်။ အရင်ကလိုလဲ မရစ်တတ်တော့ပေ။ အလုပ်နှင့်အိမ်ဖြစ်သွားသည့်အပြင် သူကိုယ်တိုင်လည်း ဖေဖေ့အလုပ်ရော ဒီအပိုင်းရော ဝင်လုပ်နေရတာဖြစ်သည်။

ဒယ်ဒီနှင့်အတူတူ အစည်းအဝေးတက်ရင်း ဌာနခေါင်းဆောင်တွေတင်ပြသည့် လိုအပ်ချက်တွေအား နားထောင်ပြီး ဖြစ်သင့်ဖြစ်ထိုက်၊ လုပ်သင့်လုပ်ထိုက်တာတွေအား ဒယ်ဒီနှင့်ထပ်ကာတိုင်ပင်ရသည်။ ဇွဲယံသားအား ကြည့်ကာသဘောကျနေ၏။ သားသည် အိမ်ထောင်ကျပြီးသည်နှင့် ပြောင်းလဲသွားသည့် လူကြီးပေါက်စပုံစံလေးနှင့် ကြည့်ရသည်ကာ အသည်းယားဖို့ကောင်းသည်။ စကားပြောလျှင်လည်း အေးအေးလေးဖြစ်သလို အလုပ်လုပ်လျှင်လည်း တည်တည်ငြိမ်ငြိမ်လေးနှင့် ဖုတ်ပူမီးတိုက်မလုပ်တတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သားသည် အိမ်တောင်ကျပြီး လုပ်ငန်းခွင်ဝင်သည်နှင့်ပြောင်းလဲသွားသည့် ပုံစံလေးသည် ချစ်ဖို့ကောင်း၏။

“တိုင်းဝဠာလေးက ဘယ်တော့ပြန်လာမှာလဲ”

“နောက် တစ်ရက် နှစ်ရက်ဆို ပြန်လာဖြစ်မယ်ထင်တယ် ဒယ်ဒီ”

“သားတောင် လူကြီးဖြစ်နေပြီပဲ”

ဝန်းယံ ဒယ်ဒီ့ဆီမှ မှတ်ချက်စကားကြားပြီး ပြုံးလိုက်မိသည်။ ဒါကတကယ်မှန်သည်။ ကိုကိုအားအရင်လို စိတ်လဲမကောက်ဖြစ်သလို စိတ်ကောက်ဖို့အကြောင်းအရာတွေလဲ ရှာကြည့်မနေနိုင်တော့ပေ။ ညအိမ်ပြန်လျှင် အလုပ်ကိစ္စနားမလည့်အပိုင်းရှိလျှင် ကိုကိုကြီးအား သွားမေးရသည်။ ကိုကိုကြီးရှင်းပြသည်အား သေချာလိုက်မှတ်ရသေး၏။ သူလဲအလုပ်ရှုပ်သလို ကိုကိုသည်လည်း ဖေဖေ့အလုပ်ကို ဝိုင်းကူပေးပြီး Treasure ဘက်ပါ ဝင်နေသည်ကြောင့် ကိုကိုအားစိတ်ကောက်ဖို့အချိန်လဲမရှိပါ။ ယခုလဲ ကိုကိုသည် ကိုရီးယားရောက်နေတာဖြစ်၏။ ရုတ်တရက်အိမ်ထောင်ကျသွားသည်က ကောင်းသည်ဟုဆိုရမည်။ ကိုကိုအနားကပ်တဲ့သူလဲမရှိသလို ကိုကိုနှင့်သူလဲ စိတ်ချမ်းသာနေ၏။

>>>>>>>>>>>>>>>>>>>>>>>>>

(MD အောက်မှာဧည့်သည်ရောက်နေတယ် MD အပေါ်လွှတ်လိုက်ရမလားမသိဘူး)

ထန်တိုင်းပျို ဒယ်ဒီနှင့်နေ့လည်စာစားရန်လုပ်နေတာဖြစ်ပြီး အောက်က reception မှဖုန်းဝင်လာတာဖြစ်၏။ တွေ့မည်ဧည့်သည်လဲ မရှိသလို၊ ချိန်းဆိုထားတာလဲမရှိပဲ ဧည်သည်ဆိုသည်ကြောင့် ထန်တိုင်းပျိုစဉ်းစားသွားရသည်။

“ကိုယ့် ဧည့်သည်မရှိဘူးနော် လူမှားနေတယ်ထင်တယ်”

(ကိုကိုကြီး သားသား)

ဖုန်းထဲမှ ဧည့်သည်လေးသည်ဝင်ဖြေ၏။ ထန်တိုင်းပျို ရယ်လိုက်ကာ အပေါ်ကိုတက်ခဲ့ဖို့ပြောလိုက်ရသည်။ နေ့လည်ခင်းကြီးဘာဖြစ်လာပြန်ပြီလဲမသိ။ အတိုင်အတောသံတွေကိုကြားရအုန်းမည်။ ကျောင်းမှာပဲ တစ်ခုခုဖြစ်လာလို့လား မသိ။ အောက်မှ ဝန်ထမ်းညွှန်ပေးလိုက်သည့်အတိုင်း elevator နှင့်အပေါ်ကတက်ခဲ့လိုက်သည့် အလင်းဇက်လေးသည် ဓါတ်လှေကားအတူစီးသည့်သူများ ရှိသော်လည်း ဂရုမစိုက်ပဲ အနောက်သို့မှီကာ ဖုန်းပဲကြည့်လာ၏။ ဓါတ်လှေကားအတူစီးသည့်သူများသည် တစ်ထပ်ပြီးတစ်ထပ် တံခါးပွင့်ကာ ဝန်ထမ်းတွေထွက်သွားပေမယ့် မထွက်ပဲနေသည့် ကောင်လေးအား ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြသည်။ ဒီတစ်ထပ်ပြီးလျှင် အပေါ်ဆုံးတွင် MD တို့ရှိသည့် အလွှာဖြစ်နေပြီး ကောင်လေးသည်မထွက်သေး။ ၁၄ နှစ် ၁၅ နှစ်ဝန်းကျင် ဒီကောင်လေးသည် ဝန်ထမ်းမဖြစ်နိုင်။

“ဟို ကလေး အထပ်မရှိတော့ဘူး”

“ဟင်! ၂၆ လွှာရှိသေးတယ်မလား”

“အဲ့ဒါက MD တို့နေတဲ့အလွှာ”

“ဟုတ်တယ်လေ အဲ့ကိုပဲသွားမှာ”

ဒီကောင်လေးက ဘာလုပ်တဲ့ကောင်လေးလဲ။ အကြောက်အလန့်လဲမရှိ MD တွေပဲနေသည့်အခန်းအား သွားမလိုဟုဆိုသည်။ ဒီကောင်လေးသည် ၂၆ လွှာတွင်ရုံးထိုင်နေသည့် MD တို့နှင့်ဘာတော်သလဲ သူတို့တွေသိချင်နေကြ၏။

“စပ်စုလိုက်တာ”

အာလုံးထွက်သွားပြီး အပေါ်တစ်လွှာပဲရှိတော့သည်အချိန်တွင် ဓါတ်လှေကားထဲရှိအလင်းဇက်လေးသည် ရေရွတ်လိုက်၏။ အလင်းဇက်လေးပုံသည် ဇတ်ဇတ်ကျဲပုံလေးဖြစ်ပြီး ကျောင်းကလစ်လာသည်ကြောင့် ကျောပိုးအိတ်တစ်လုံးပါသည်။ သူခါတိုင်းကျောင်းလစ်လျှင် ကိုကိုကြီးရှိသည့် Treasure အထိမလာပဲ ကိုကိုကြီးအား လှမ်းခေါ်တာဖြစ်ပြီး သည်တစ်ခါတွင်တော့ Treasure အားလာချင်စိတ်ပေါက်၍ လာခဲ့တာဖြစ်သည်။ ကိုကိုကြီးဆီဖုန်းကြိုမဆက်ပဲ reception ရောက်မှ အံ့ဩသွားအောင် အကြောင်းကြားခိုင်းလိုက်တာဖြစ်၏။ Reception တွင်ထိုင်နေသည့်အချိန်တွင်လည်း တစ်ချို့အမျိုးသမီးများသည် ကိုကိုကြီးအတင်းအားပြောနေသည်ကို သူကြားခဲ့ရသည်။ ကိုကိုကြီးသည် ဘယ်လိုခန့်ညားကြောင်းနှင့် ငေးကြည့်နေရတာနဲ့တင်ကျေနပ်နေပါပြီနှင့်ပြောနေကြာတာဖြစ်၏။ သူတို့ပြောနေသည့် အကြောင်းကြားသည်နှင့် အလင်းဇက် စိတ်ထဲတွင်ရေရွတ်မိသည့်စကားများရှိသည်။ ‘အဟွန်း! ငေးကြည့်ပေါ့၊ သူတို့မှမရနိုင်တာ။ ကိုကိုကြီးဆိုတဲ့ ထန်တိုင်းပျိုက ငါဆိုတဲ့ အလင်းဇက်ရဲ့အပိုင်၊ နင်တို့ဘယ်တော့မှ မရနိုင်ဘူး နင်တို့က ငေးပဲကြည့်’ ဟူ၍ တစ်သီတစ်တန်းကြီး စိတ်ထဲပြောခဲ့တာဖြစ်သည်။

အခန်းတံခါးအား ခေါက်ကာဝင်လာသည့် သားသား၏မျက်နှာသည်ညှိုးနေ၏။ ဒယ်ဒီသည် သားသားအား ကြည့်ကာရယ်နေသည်။ မျက်နှာညှိုးနေပြီး သနားအောင်လျှောက်ပြောတော့မှာဖြစ်ကြောင်း ဒယ်ဒီတောင်သိနေပြီဖြစ်၏။ အခန်းအပြင်ဘက်တွင်ပျော်နေသည့် မျက်နှာဖြစ်နေပေမယ့် အခန်းတံခါးခေါက်ကာအထဲဝင်လိုက်သည်နှင့် မျက်နှာအမူအရာသည်တစ်မျိုးပြောင်းသွားသည်။

“ကိုကိုကြီး”

“လာ ထိုင်ပါအုန်း”

“သားသား ဗိုက်ဆာနေတာ အတော်ပဲ”

အလင်းဇက်သည် ဘာကြောင့်ကျောင်းလစ်လာသလဲ အမေးမခံပဲ ဒယ်ဒီနှင့်ကိုကိုကြီး စားဖို့မှာထားသည်များအား ဦးချကာ သူပါတစ်ပန်းကန်အသစ်ပြင်၍ ဝင်စားသည်။

“ဖြည်းဖြည်းစားလေ ကလေးရယ်”

“သားသား ဗိုက်အရမ်းစာနေတာ၊ ပိုက်ဆံက ကားငှာလာလိုက်တော့ မရှိတော့ဘူး”

လေးလေးတို့ ပိုက်ဆံမပေးလိုက်ဘူးဆိုသည်က မဖြစ်နိုင်သလို၊ ပေးလိုက်သည့်ပိုက်ဆံသည် ကားငှားရုံနှင့်မရှိတော့ဘူးဆိုသည်ကလဲ မဖြစ်နိုင်။ ပိုက်ဆံကို ဘယ်နေမှာသုံးလိုက်သည်လဲမသိ။ သို့ပေမယ့် ဗိုက်ဆာနေသည်ဆိုသည့် သားသားအား ဘာမှမမေးပဲ ဗိုက်ဝအောင် အရင်စားခိုင်လိုက်သည်။ ထမင်းစားနေသည့် သားသားအား ကြက်ကြော်ကို ဖဲ့နေသည့် သားကြီးကို တိုင်းဦးစက်မုန်ကြည့်မိလိုက်သည်။ သားငယ် အိမ်ထောင်အရင်ကျသွားပေမယ့် သားကြီးသည် ရည်းစားလဲမထားသလို အလင်းဇက်လေးမွေးကထဲက အလင်းဇက်လေးနှင့်အလုပ်ရှုပ်နေသည်မှာ ယနေ့အထိပင်ဖြစ်၏။ သားအား အိမ်ထောင်ပြုဖို့တီးခေါက်ကြည့်ဖို့လဲ စဉ်းစားထားလိုက်သည်။

“ကျောင်းပြေးလာတာ ဘာဖြစ်လို့လဲ”

ထမင်းစားပြီးသည်နှင့်စစ်မေးခံရတော့သည်။ စစ်မေးမှာဆိုးလို့ ထမင်းကိုအချိန်အကြာကြီးဆွဲစားပေမယ့် နောက်ဆုံးတော့စစ်မေးခံရတာပါပဲ။ ကိုကိုကြီးစစ်မေးခြင်းအားရှောင်လွှဲလို့မရတော့ပေ။

“သားသားက ကျောင်းမပြေးချင်ပေမယ့်လေ ကျောင်းမှာသင်တဲ့စာတွေက သားသားကိုကျောင်းပြေးချင်အောင်လုပ်နေတာ”

သူကျောင်းပြေးရသည့်အကြောင်းရင်းသည် စာတွေကြောင့်ဟုလွှဲချနေ၏။ စာလဲမလုပ်နိုင်တာမဟုတ်၊ နားမလည်တာလဲမရှိပဲ စာကိုပဲလွှဲချနေသည့် သားသားအား ထန်တိုင်းပျို ကြည့်နေလိုက်သည်။ အရွယ်ရောက်လာသည်နှင့်ပိုကာလည်လာသည့် သားသားသည် သူတစ်ခုခုလုပ်တိုင်း ဆင်ခြေအပြည့်နှင့်ပင်။

“သားသား..”

“ကိုကိုကြီးကလဲ သားသားသိပါတယ်၊ ဒီတစ်ရက်လေးပဲလေ ဒီတစ်ရက်လေးပဲ သားသားက စာလိုက်လုပ်နေရင်း ကိုကိုကြီးကို သတိရလာလို့၊ ကိုကိုကြီးကသားသားဆီလဲ မလာတာကြာပြီလေ”

“သားသားက အတန်းကြီးနေပြီလေ၊ ကိုကိုကြီးကလဲ အလုပ်မအားလို့လေ”

“ဟုတ်တယ်လေ အဲ့ဒါကြောင့် ကိုကိုကြီးမအားလို့ သားသားကကိုကိုကြီးကိုလာတွေ့တာလေ”

“ဟင်း အလင်းဇက်ရေ”

“ဟီးဟီ ကိုကိုကြီးကိုချစ်”

“ဘာစားချင်သေးလဲ၊ ပြီးရင်အိမ်ပြန်လိုက်ပို့ပေးမယ်”

“ကိုကိုကြီးအကောင်းဆုံး”

“ဒယ်ဒီ သွားပြန်ပို့ပေးလိုက်အုန်းမယ်”

“အင်းအင်း သွား၊ သားသား စားချင်တာ တစ်ခါထဲ ကိုကိုကြီးကိုဝယ်ခိုင်းပြီး တစ်ခါထဲဝယ်သွားနော်၊ နောက်တစ်ခါ ကျောင်းမလစ်တော့နဲ့”

“ဟုတ် ဒယ်ဒီ”

၂၆ လွှာမှဆင်းကာ ground floor ထိတွင်ဆင်းသွားပြီး ဓါတ်လှေကားမှထွက်သည်နှင့် အလင်းဇက်သည် ကိုကိုကြီးလက်မောင်းကိုဖက်ကာ ရမ်းခါပြီး ခုန်ပေါက်ကာ လိုက်၏။ အားလုံးသည် MD အားအရိုအသေပေးသလို ဘေးနားကကောင်လေးကိုလဲ စပ်စုချင်နေသည်။ MD လက်ကိုဆွဲကိုင်လှုပ်ရမ်းပြီး ပါးစပ်မှလဲပေါက်ပေါက်ဖေါက်ကာ အငြိမ်မနေသည့် ဘေးမှကောင်လေးသည် MD နှင့်ဘယ်လိုတော်စပ်နေသလဲ။ MD အားအပိုင်စားရထားသည့်အပြုအမူနှင့် ထိုကောင်လေးသည် တကယ်ပဲဘယ်သူများလဲ။

အလင်းဇက်သည် အားလုံးအားကျနေသည့် မျက်လုံးတွေကိုတွေ့မြင်နေရ၏။ ဒါက သူလိုချင်သည့်အရာပဲလေ။ သူ Treasure ကိုလာရသည့်အကြောင်းရင်းရှိသည်။ ဒါက တခြားမဟုတ်။ Treasure airline မှာ ရှယ်ယာရှင်တစ်ဦး၏ သမီးသည် နိုင်ငံခြားက ပြန်ရောက်လာပြီး ကိုကိုကြီးနှင့်လက်ထပ်ဖို့အတွက် မိဘချင်းစကားပြောသည်အား ဒယ်ဒီနှင့်ပါးပါးဆီမှ သူကြားခဲ့တာကြောင့်ဖြစ်သည်။ ထိုအမျိုးသမီးသည် ကိုကိုကြီးထက်ကြီးသည်ဟုလည်းသိခဲ့ရ၏။ ကိုကိုကြီးအား တခြားသူလက်ထဲ သူအပါခံမှာမဟုတ်။

“ကိုကိုကြီး”

ကားမောင်းနေသည် ကိုကိုကြီးအား ခေါ်လိုက်၏။

“အင်း”

“ကိုကိုကြီး မိန်းမ ယူမှာလား”

“ဘာဖြစ်လို့လဲ သားသား”

“ဒီအတိုင်းသိချင်လို့”

“မယူပါဘူး”

“တကယ်နော်၊ ပြောပြီးစလစ် နံပတ်တစ်နော်”

“ဟားဟား ပေါက်စ စကားကိုတစ်နေ့တစ်မျိုးမရိုးရဘူး တတ်တတ်လာတာ”

“ပေါက်စ မဟုတ်တော့ပါဘူးဆို”

“အင်းပါ အင်းပါ ပေါက်စမဟုတ်တော့ဘူး”

“မိန်းမ မယူဘူးလို့ ကတိပေးပြီးပြီနော်”

ပေါက်စသည် ဘယ်ကဘာကိုကြားလာလဲ မသိ။ တစ်ခုခုကြားလာလို့ ဒီလိုမေးနေတာမှန်း ထန်တိုင်းပျိုသိသည်။

“လာပါအုန်း ကိုအလင်းဇက်”

“ပါးပါးကလဲ”

အိမ်ရောက်သည်နှင့် လေးလေးမိုင်းဇက်သည် ပေါက်စအားဆူဖို့စောင့်နေ၏။ မိုင်းဇက်သည်လည်း သားတစ်ယောက်ကို ဘယ်လိုထိန်းကျောင်းလို့ ထိန်းကျောင်းရမှန်းမသိဖြစ်နေသည်။ လူရည်လည်သည့် သားသည် စကားလဲတတ်ပြီး သူလိုချင်တာကို မဖြစ်ဖြစ်အောင်လုပ်၏။ အခုလဲ ကျောင်းမှဖုန်းဆက်ကာ အကြောင်းကြားလာသည်။ အလင်းဇက် ကျောင်းမှာ ပိုက်ဆံပေးပြီး သူများကို အိမ်စာကူးခိုင်းတယ်၊ အလင်းဇက်ကျောင်းပြေးတယ် တစ်နေ့တစ်နေ့ ကျောင်းပြေးနည်းမရိုးအောင်ကြားနေရတာဖြစ်၏။ ဆူမယ်လုပ်တော့လဲ မျက်နှာငယ်လေးနှင့် သားကြီးလက်မောင်းဖက်ကာ ကွယ်ထားသေးတာဖြစ်သည်။

“သားကြီးကို အားကိုမနေနဲ့၊ လာရှေ့ကိုထွက်”

“ပါးပါးက ရိုက်မှာလေ၊ သားသားက ရိုက်ရမယ့်အရွယ်မဟုတ်တော့ဘူး”

“ရိုက်ရမယ့် အရွယ်မဟုတ်ရင် အရိုက်မခံရအောင်နေလေ လာခဲ့အခုလာခဲ့”

ထန်တိုင်းပျိုသည် သားအဖနှစ်ယောက်ကြားတွင်ရပ်နေကာ ဘာမှမပြောပဲကြည့်နေလိုက်သည်။ လေးလေးနှင့်အလင်းဇက်သည်ထိုသို့ပင် ဖြစ်၏။

“ကိုကိုကြီး”

မျက်နှာငယ်လေးနှင့်မော့ကြည့်ကာ ပါးပါးကိုကူပြောပေးဆိုသည့် မျက်နှာပေးဖြင့်ကြည့်လာသည့် အလင်းဇက်လေးအားကြည့်ကာ ထန်တိုင်းပျို ရယ်မိလိုက်သည်။

“လေးလေးရယ်ထားလိုက်ပါ သားသားက ကျောင်းလစ်ပေမယ့် စာလဲလိုက်နိုင်နေတာပဲကိုနော် ဒီတစ်ခါ ခွင့်လွှတ်လိုက်ပါနော်”

“မရဘူး သားကြီးပြောပေးလဲ ပါးပါးဒီကောင်လေးကို အလိုမလိုက်တော့ဘူး”

“လေးလေးကလဲ”

“ကဲ အလင်းဇက် ထွက်ခဲ့ အရှေ့ကိုထွက်ခဲ့ လာခဲ့ မင်းကိုရိုက်မှရတော့မှာ”

“ပါးပါး…ကိုကိုကြီးလုပ်အုန်း သားသားကိုတကယ်ရိုက်တော့မှာ”

“လေး..”

“တိတ် သားကြီးအလိုလိုက်နေလို့ အဲ့ကောင်လေး ရောင့်တတ်နေတာ၊ သားကြီးပြန်တော့ ထားခဲ့ အဲ့ကောင်လေးကို”

“ဘာမှ ကိုကိုကြီး”

“ကိုကိုကြီးလဲ အဆူခံနေရပြီ ကျန်ခဲ့လိုက်တော့ ကိုကိုကြီးပြန်လိုက်အုန်းမယ်”

ထန်တိုင်းပျို ထားခဲ့မှဖြစ်တော့မည်။ လေးလေးပြောတာလဲ တစ်စိတ်တစ်ပိုင်းမှန်သည်။ အလင်းဇက်လေးသည် ပါးပါးကဆူလို့၊ ပါးပါးနဲ့ရန်ဖြစ်ထားလို့၊ ပါးပါးကဟုအစချီကာ အိမ်ပေါ်ကဆင်းပြေးတိုင်း သူသွားခေါ်နေကြဖြစ်ပြီး ကလေးသည် အလိုလိုက်ပါများလျှင် ပျက်စီးတတ်သည်ကြောင့် ထားခဲ့လိုက်၏။

“ပါးပါး အီး…ဟီး…မရိုက်နဲ့လို့ အင့်! ကိုကိုကြီးကို မခေါ်တော့ဘူး ကိုကိုကြီးကို မချစ်တော့ဘူး”

တကယ်ပါ ငိုနေသည့်ကလေးအားထားခဲ့ရသည်က အဆင်တော့မပြေ။ နာလောက်အောင် မရိုက်ဘူးဆိုပေမယ့်ကလေးငိုသံကြားသည်နှင့် သူအစားဝင်ခံပေးချင်စိတ်ကိုထိန်းထားရသည်။ သို့ပေမယ့်မဖြစ်။ ကလေးသည် အနည်းငယ်ဆုံးမဖို့လိုနေ၏။ သားသားသည် အရိုက်ခံရသည်က မနာသော်လည်း သည်အရွယ်အထိ အော်ငိုဆဲဖြစ်သည်။

“ပါးပါး မရိုက်တော့နဲ့လို့၊ ကျောင်းပြေးပေမယ့် သားကစာတော်တယ်လေနော်”

“အလင်းဇက်”

“ပါးပါးကလဲ မအော်ပါနဲ့၊ ပါးပါးမောနေမယ် လာလာဒီမှာထိုင်”

မိုင်းဇက် တကယ်ပဲသားအား ဆွဲဆွဲပြီးဆိတ်ပစ်ချင်သည်။ အခုန အော်နေသည်က သူမဟုတ်သည့်အတိုင်း ချက်ချင်းတိတ်သွား၏။

“ပြော ဘာဖြစ်လို့ ကျောင်းလစ်သွားတာလဲ”

“ပါးပါးနဲ့ဒယ်ဒီပဲပြောနေတာလေ ကိုကိုကြီးကိုလက်ထပ်ပေးဖို့ လူကြီးချင်းစကားလာပြောတယ်ဆို”

“အဲ့ဒါ မင်းကျောင်းပြေးတာနဲ့ဘာဆိုင်လဲ”

“ဆိုင်တာပေါ့ ဘယ်လိုပြောလိုက်တာလဲ ပါးပါး၊ သားသားက ကိုကိုကြီးကိုယူမှာ အဲ့ဒါဟုတ်မဟုတ်သွားကြည့်တာ”

“ဘယ်လို အလင်းဇက် သားလေး သားက ကလေးပဲရှိသေးတယ်”

“ဘာကလေးလဲ သားက လူပျိဖြစ်နေပြီနော် ၁၅ နှစ်ရှိနေပြီ”

သားသည် အတည်ကြီးပြောနေတာဖြစ်သည်။ ဘယ်လိုဖြစ်မလဲ သားကြီးက သားသားလေးကို ဒီအတိုင်းညီလေးတစ်ယောက်လို အလိုလိုက်ပြီး ချစ်ပေးနေတာမဟုတ်လား။ သားသားလေး စိတ်ထဲမှာ ဘယ်လိုဖြစ်လို့များ ဒီလိုပတ်သက်မှုမျိုးနှင့်စိတ်ထဲစွဲသွားလဲ မသိလိုက်။

“သားသားလေး ကိုကိုကြီးနဲ့သားသားက..”

“သားသားသိပါတယ်ဆို ပါးပါးကလဲ၊ ကိုကိုကြီးကို သွားမပြောနဲ့နော် သားသားကိုစိတ်ဆိုးသွားမှာဆိုးလို့”

သားတစ်ယောက်နှင့်စိတ်မောရသည်။ မိုင်းဇက်သက်ပြင်းအရှည်ကြီး ချပစ်လိုက်ရ၏။ အလင်းဇက် တစ်ယောက်နှင့်တော့ ခက်သည်။



ချစ်တဲ့
Hsu
13 October 2022 - Thursday ☀️

Love is everything (Complete) Uni & ZawgyiOnde histórias criam vida. Descubra agora