Chapter [16]

3.7K 675 17
                                    

Zawgyi

အရွယ်မရောက်သေးပေမယ့် big bossက big bossပဲ

ချီဖန်းအိမ်ပြန်ရောက်ချိန်မှာ မေမေချီက မအိပ်သေးဘဲ ဧည့်ခန်းမှာထိုင်ပြီး တီဗီရှိုးတစ်ခုကို ကြည့်နေခဲ့တယ်။ တံခါးဖွင့်ဝင်လာတဲ့ သူမသားငယ်လေးရဲ့ အသံကိုကြားတော့ မေမေချီက တီဗီရှိုးကို ခဏရပ်ကာ ထရပ်လိုက်ပြီး ကြိုဆိုခဲ့တယ်။

"ဘယ်လိုလဲ? ပျော်စရာကောင်းရဲ့လား?"
မေမေချီက အပြုံးလေးနဲ့ မေးလာတယ်။

ချီဖန်းက ခေါင်းငြိမ့်လိုက်ပြီး အနည်းငယ် ပင်ပန်းနွမ်းနယ်နေတဲ့ အမူအရာနဲ့ : "ဖန်းကျီဖေးတို့ အသင်းက ချန်ပီယံဆုရသွားတယ်လေ ဒီညအောင်ပွဲခံဖို့တောင် ထွက်သွားကြပြီ"

"အရမ်းကောင်းတာပဲ" မေမေချီက နူးညံ့သိမ်မွေ့စွာ ပြောလိုက်ပြီး ချီဖန်းနဖူးလေးကို အသာထိလိုက်တယ် : "ပင်ပန်းနေပြီမလား? ခဏလောက် အနားယူလိုက်နော် ပြီးရင်သက်သာသွားလိမ့်မယ် အရမ်းပင်ပန်းနေရင်လည်း မနက်ဖြန် ခွင့်ယူလိုက်ကြမလား"

ချီဖန်းခေါင်းငြိမ့်လိုက်ပြီးနောက် မေမေချီနဲ့ စကားစမြည် အနည်းငယ် ပြောဆိုကာ သူ့အခန်းရှိရာ အပေါ်ထပ်ဆီ တက်လာခဲ့တယ်။

အခန်းထဲဝင်လိုက်တာနဲ့ ချီဖန်းတစ်ကိုယ်လုံးဟာ ကိုက်ခဲနုံးချိလာပြီး မောပန်းနွမ်းနယ်မှုတွေက သူ့မျက်ဝန်းတွေမှာ အရောင်ထင်နေခဲ့တယ်။ အခန်းမီးဖွင့်ဖို့တောင် လက်မမြှောက်ချင်လောက်အောင် ဖြစ်နေတာမို့ ခြေလှမ်းအနည်းငယ် ရှေ့တိုးလိုက်ပြီး အိပ်ရာပေါ် တိုက်ရိုက်ပစ်လှဲချလိုက်တော့တယ်။

အရင်ဆုံး သက်တောင့်သက်သာမရှိတဲ့ ခုံပေါ်မှာ တစ်နေကုန် ထိုင်ခဲ့ရပြီးနောက် ကားမူးခဲ့ရပြန်တာကြောင့် သူ့မှာလက်ကျန်အားတစ်စက်မှတောင် မရှိတော့ဘူး။ တစ်ကိုယ်လုံး အိပ်ရာပေါ်မှာ ပုံလဲကျနေပြီး ဟိုဖက်ဒီဖက် အနည်းငယ်လှိမ့်ကာ မှောက်လျက်အိပ်နေရာကနေ ပက်လက်ပြန်လှန်လိုက်တယ်။

ချီဖန်းဟာ သူ့ခေါင်းပေါ်က မီးအိမ်ကိုကြည့်ရင်း တွေဝေမိန်းမောနေမိတယ်။

ပြန်လည်မွေးဖွားလာကတည်းက ချီဖန်းဟာ သူ့ရဲ့ရုတ်တရက် စာကြိုးစားလာမှုကလွဲရင် တစ်ခြားအရာတွေ ဘာမှမပြောင်းလဲဘဲ သူ့ကိုယ်သူ ကောင်းကောင်းဖုံးကွယ်ထားနိုင်တယ်လို့ ထင်ထားခဲ့မိတာ။ သို့သော်လည်း ယနေ့ည ယွီမော့ပြောလိုက်တဲ့ စကားတွေက သူ့ကိုအပြည့်အဝ နိုးကြားလာစေခဲ့တယ်။

ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်Where stories live. Discover now