Unicode
သူသည် မြင့်မားလှသည့် တောင်တွေကာရံထားသည့် တောလမ်းတစ်လျှောက် ဖြတ်သန်းလာသည်။ လမ်းမှာတွေ့ရတဲ့ တောပန်းကလေးတွေကို ခူးရင်း ပန်းသရဖူလေးပြုလုပ်နေမိသည်။
ပန်းသရဖူလေးကိုကြည့်ရင်း သူ့ဘာကြောင့် ဒါကို လုပ်မိနေပါလိမ့်လို့ တွေးရင်း ငိုင်သွားသည်။ ဘယ်အရာကစေခိုင်းလို့ အလိုအလျောက် လှုပ်ရှားပြုမူမိနေသလဲဆိုတာလည်း သူ့ကိုယ်သူနားမလည်နိုင်အောင် ဖြစ်နေသည်။
တစ်စုံတစ်ယောက်အတွက် ရည်ရွယ်တာလို့သူထင်သည်။ မည်သူ့အတွက်နည်း။
သူ့မျက်လုံးထဲမှာ ပန်းသရဖူဆောင်းထားသည့် ပုံရိပ်လေးတစ်ခုလျှပ်တပြတ်ထင်ဟပ်လာပြီးမှ ပျောက်သွားသည်။ ထိုလူရဲ့ဦးခေါင်းထက်သို့ သူကိုယ်တိုင် ပန်းသရဖူလေးဆောင်းပေးနေသည်။ ဘယ်သူလဲဆိုတာကို ရအောင်ခေါ်ယူတော့ ခေါင်းထဲက တဆစ်ဆစ်ထိုးကိုက်လာတော့သည်။
နားထင်ကြောတွေကို ဖိနှိပ်ထားရင်း ပန်းသရဖူလေးကို ရင်ဘတ်ကြားထဲ ထည့်လိုက်သည်။ ဆက်လျှောက်နေမိရင်းက လမ်းဘေးအပင်တွေက အသီးတွေကို ခူးဆွတ်မိပြန်သည်။ ဒီလိုအသီးတွေကို ခူးစားတတ်သည့် တစ်ယောက်သောသူကို မြင်ယောင်လာပြန်သည်။
ဒါလည်း ခဏသာ။ ချက်ချင်းပြန်ပျောက်သွားသည်။ သူသည် ခြေထောက်တွေရဲ့ သယ်ဆောင်ရာနောက်ကို လိုက်ပါနေသည်။ ဒီလိုတွေးမိတော့မှ ရုတ်တရက် ရပ်တန့်လိုက်ပြီး သူဘယ်ကိုသွားနေတာလဲဟု စဉ်းစားလိုက်မိသည်။
အဖြေမပေါ်။ သူ ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ဒါ ဘယ်နေရာလဲ။ ဥယျာဉ်တစ်ခုလား...။ သဘာဝတောအုပ်မဟုတ်ဘဲ သေချာမွမ်းမံပြင်ဆင်ထားသည့်နေရာတစ်ခုလို့ သူထင်သည်။
ဘယ်ရောက်နေတာပါလိမ့်လို့ တွေးရင်း သူ့ကိုယ်သူအံ့ဩသွားရသည်မှာ သူ ဘယ်သူလဲဆိုတာကိုပင် မသိတော့ခြင်း ဖြစ်လေသည်။
သူ့ မျက်မှောင်တွေက တွန့်ကုပ်သွားသည်။ စမ်းချောင်းလေးဆီဦးတည်သွားရင်း စမ်းရေထဲမှာ မြင်နေရတဲ့သူ့ရုပ်သွင်ကို သူ အထူးအဆန်းလို ကြည့်နေမိသည်။
YOU ARE READING
My Xiao (ငါ့ရဲ့ရှောင်း)
FanfictionUnicode "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Zawgyi "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Start date: 20220619 End date. : 20230401