1
"အန်တီစိမ်း ရေ ဒီနေ့ မနက်စာမစားတော့ဘူး ကျောင်းမှာသူငယ်ချင်းတွေနဲ့ချိန်းထားလို့"
လှေကားမှပြေးဆင်းလာသည့်ခြေသံနှင့်အတူ ခပ်လောလောအသံလေးကြောင့် မနက်စာ ပြင်နေသည့် အန်တီစိမ်းကလှည့်ကြည့်လိုက်သည်။ ရှုမငြီးသည့် အကြည်ဓါတ်လေးက အိပ်ယာထနောက်ကျသည်ထင့် ခပ်မြန်မြန်လုပ်လာပုံရသည်။ ကျောင်းယူနီဖောင်းကို ကြယ်သီးပင်အပြည့်မတပ်ရသေးတာကြောင့် နို့နှစ်ရောင်လိုဖြူဆွတ်နေသောရင်ဘတ်တစ်စွန်းတစနှင့် ညှပ်ရိုးလေးတွေပင်မြင်နေရ၏။ အန်တီစိမ်း မျက်လုံးပြူးရပါပြီ။
"အမလေး ဘုရား ဘုရား ဆေးလေးရယ် နေပါဦး နေပါဦး "
အနားကို အမြန်သွားပြီး ချော့ပြောရတော့မည်။ အနားဆိုပေမဲ့ သိပ်တော့မကပ်ရဲ။ ကြောက်ရမည့်အရာတစ်ခုကရှိနေသေးသည်မဟုတ်လား။ ပြီးတော့ အဲ့အရာကြီးက ဘယ်သူ့ကိုမှ ချွင်းချက်ထားပေးတာမဟုတ်။ သိပ်ကြောက်ဖို့ကောင်းသည်။
"မနက်စာမစားဘူးပြောတာနဲ့တင် ခေါင်းကျိန်းနေပြီကို ဒီပုံစံက.. အမလေး အရင်ဆုံးကြယ်သီးတွေကိုတပ်ပါဦး Damien မြင်ရင် မိုးကြိုးပစ်တာထက်ဆိုးမယ် မကြောက်မလန့် အမလေး ဆေးလေး ရယ်"
အန်တီစိမ်း၏ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေပုံကိုကြည့်ကာ အနှီကောင်လေး က မျက်ဝန်းလေးတွေကွေးကျသွားသည်ထိ အားရပါးရရယ်သည်။ ရယ်လိုက်တော့ နဂိုကရွှန်းစိုနေသည့်မျက်ဝန်းတွေထဲ ကြယ်တွေပြိုးပြက်သွားသည်။ မျက်တောင်ကော့တွေ ဖြာခနဲဝပ်ဆင်းလာပုံက မြက်ရိုင်းတောထဲ လေရူးလေးသော့သွားသကဲ့သို့ နှယ်။
အင်း.. Damien တိုရင်လည်းတိုချင်စရာ ချောလွန်းတာကိုး။
ဆေး က မျက်နှာလေးကိုရှုံ့ရင်း ရဲစိုနေသည့်နှုတ်ခမ်းလေးကိုအနည်းငယ်စူလိုက်ကာ သုံးနေကျ လက်နက်ကိုထုတ်သုံးမည်ပြင်သည်။
"ဟွန် ..တီစိမ်းကလဲ.."
ဆေး တစ်ယောက် သံရှည်လေးဆွဲကာ ချွဲလိုက်ရင် ယောက်ျား ၊မိန်းမ ၊လူကြီး ၊လူငယ် မရွေး ဘယ်သူမှတောင့်ခံနိုင်ရိုးထုံးစံမရှိ။