14
မိုရာဆေးတို့အိမ်ရှေ့တွင် ငြိမ့်ခနဲရပ်သွားသော ကားလေးပေါ်မှ Damien ဆင်းလိုက်သည်။ ခြံစောင့်လေးက မှတ်မိဟန်ဖြင့် တံခါးကို အပြေးအလွှား လာဖွင့်ပေးတာကြောင့် တန်းဝင်သွားလိုက်၏။
အမှန်တော့ မလာခင်ထဲက မိုရာဆေး ဦးလေး ကို ဖုန်းဆက်အကြောင်းကြားထားပြီးဖြစ်သည်။ အိမ်အပေါက်ဝတွင်ထွက်ကြိုသော ဦးဒေါင်းဖန်ဝါကို ခေါင်းညိတ်ကာနှုတ်ဆက်လိုက်ပြီး ဦးဒေါင်းဖန်ဝါကဖိတ်ခေါ်သောကြောင့် ဧည့်ခန်းတွင် ထိုင်လိုက်ကြသည်။
"မိုရာဆေးရော ဦးဒေါင်းဖန်ဝါ"
"တန်းမေးတော့တာပဲ အမောလေးဘာလေးဖြေပါဦးလား"
"မလိုပါဘူး မောမှမမောတာ"
"ဟားဟား အာဂ ပဲဟေ့"
ခါတိုင်းလိုပင် တက်ကြွသောအမူအရာနှင့် ဦးဒေါင်းဖန်ဝါကို Damien ကမရယ် မတည် မျက်နှာထား ဖြင့်သာကြည့်နေ၏။
"ကဲ ပြောအဲ့တော့ အရှုံးပေးတာလား"
"ဘာကိုလဲ"
Damien က ရှေ့တွင်လာချပေးသော ရေနွေးကြမ်းပန်းကန်ကို နှုတ်ခမ်းစွတ်ရုံသောက်ရင်းက ပြန်မေးလိုက်သည်။
"လက်ထပ်ထားတဲ့ကိစ္စလေ"
Damien က နှုတ်ခမ်းလေးတွန့်ရုံပြုံး၏။
"ဟော် ဘာပြုံးတာလဲ"
"လက်ထပ်တဲ့ကိစ္စကို လက်ခံလိုက်တာဟာ အစထဲက အကြွေးကြောင့်မဟုတ်မှန်း ဦးဒေါင်းဖန်ဝါ သိမယ်ထင်ပါတယ်"
"ပြောပါဦး"
"ကျွန်တော်က သူငယ်ချင်းအတွက်တောင် စည်းစိမ်တဝက် ကိုနှစ်ခါမစဉ်းစားပဲ အဆုံးရှုံးခံတဲ့ကောင်ပါ ဦးဒေါင်းဖန်ဝါဆီတင်နေတဲ့အကြွေးက များပေမယ့် ကျွန်တော့်အတွက် သိပ်တော့လည်းမက်မောစရာမဟုတ်ဘူး"
ဦးဒေါင်းဖန်ဝါက မျက်ခုံးပင့်လျက်နားထောင်နေ၏။
"ဒါကြောင့် ဒီလက်ထပ်တဲ့ ကိစ္စမှာ အရှုံး အနိုင် ဆိုတာ မရှိဘူးလို့မှတ်ထားလိုက်ပါ"
"ဆိုလိုချင်တာက"
"နဂိုထဲက မိုရာဆေးကို ကွာရှင်းဖို့အစီအစဉ်မရှိဘူး"