20
နှစ်ထပ်တိုက်လှလှလေးရှေ့သို့ အားမာန် ၏အနက်ရောင် Range Rover က တုံ့ခနဲရပ်သွားသည်။ သက်ပြင်းတစ်ချက်ရှိုက်ပြီးမှ ကုန်တိုက်တစ်ခုကနေဝင်ဝယ်လာသည့် လက်ဆောင်ဘူးကိုယူကာဆင်းလိုက်သည်။
သူငယ်ချင်းအရင်းခေါက်ခေါက်ဟာ ပိုးရင် ရဲ့အိမ်ကိုမှ လက်ဆောင်ပေးဖို့စေလွှတ်ပါသတဲ့။ ဒင်း ဘာကြံနေတယ်ဆိုတာကို အားမာန်သိပ်သိသည်။ ပိုးရင် ကို အားမာန်နဲ့ သဘောတူနေခြင်း။ ငယ်ငယ်က ရည်းစားလုဘက်ဖြစ်ခဲ့ဖူးပြီး အားမာန်ကရှုံးခဲ့ရသည့်အတွက်ပြန်ဖြည့်ဆည်းပေးချင်နေမှန်း လည်း သဘောပေါက်ပါ၏။ မလာချင်ဘူးဟု ငြင်းလို့ရသော်လည်း မငြင်းဖြစ်သည်ကတော့ ကိုယ့်ဒုက္ခနဲ့ကိုယ် ။
ဘဲလ်တီးလိုက်တော့ ပိုးရင်၏ အဒေါ်ဖြစ်ဟန်တူသည့် အသက်၃၀ ဝန်းကျင် ကျက်သရေရှိစွာ လှပသည့်အမျိုးသမီးတစ်ဦးက အပြေးလာကာ ခြံတံခါးဖွင့်ပေးသည်။ မျက်နှာထား တည်သည့်အားမာန်ကို သိပ်မနှုတ်ဆက်ရဲသည့်ပုံဖြင့် မော့ကြည့်ကာ ရှက်သွေးအနည်းငယ်ဖြာနေ၏။
"ဘယ်သူပါလိမ့်ရှင်"
"ပိုးရင် ရှိလား ဦးခန်းဝါသိုးထိန်းကလက်ဆောင်ပေးခိုင်းလို့လာပေးတာ မရှိရင်လည်းနေပါစေ ဒီဟာလေးပဲ ယူထား.."
"လာပြီ လာပြီ .. ရှိတယ် ရှိတယ် လို့ "
"ဟဲ့ ဖြည်းဖြည်းလာပါ ပိုးရင် ရယ်"
စကားမဆုံးခင် အသံစာစာလေးနဲ့လှမ်းအော်ပြီး အိမ်အနောက်ဘက်က ပြေးထွက်လာတဲ့ပိုးရင်ကို အဒေါ်ဖြစ်သူက မျက်စောင်းထိုးကာ အိမ်ထဲပြန်ဝင်သွား၏။ ရေစိုနေသည့်လက်တွေအား ဘောင်းဘီနှင့်ပွတ်သုတ်နေတဲ့ပိုးရင်က အပင်တွေရေလောင်းနေရာက အားမာန်အသံသဲ့သဲ့ကြား၍ ပြေးလာခြင်းပင်။ ပိုးရင်က သွားဖြူဖြူလေးတွေပေါ်အောင်ရယ်ပြနေရာမှ အဒေါ်ဖြစ်သူအား လိုက်ကြည့်လျက်ရှိသေးသည့် အားမာန်ကိုတစ်ချက်အကဲခတ်လျက် မျက်နှာတည်သွားသည်။
"အဲ့ဒါကျွန်တော့်အဒေါ်အငယ်ဆုံးလေ ချောလို့လား"
"ချောတယ်ဆိုရင် မိတ်ဆက်ပေးမလို့လား"
"ကိုကို ကကြိုက်လို့လား"
"ကြိုက်သားပဲ"
ဘာရယ်မဟုတ် အရာရာ အကဲခတ်တတ်တဲ့ မျက်လုံးက အကျင့်ပါပြီးလိုက်ကြည့်မိတာဖြစ်သော်လည်း ရုတ်တရက် စနောက်ချင်စိတ်ဖြင့်ပြောလိုက်ခြင်းဖြစ်သည်။ ဒီကလေး ဘယ်လိုတုန့်ပြန်မည်ဆိုတာကိုလည်း သိချင်၍။ သို့သော် မျက်နှာလေးဆတ်ခနဲ မဲ့သွားသည့်ပိုးရင်က ချက်ချင်း မျက်ရည်တွေရစ်ဝိုင်းလာတော့ အားမာန် ဘာလုပ်ရမှန်းမသိ။