8
"ဦးမာန် ဟိုရှေ့က လာနေတာ Da.. Damien ရဲ့ကားလားဟင်"
စကားမဆုံးခင် ဦးမာန်က ကားကိုထိုးရပ်လိုက်ပြီး Damien ၏ ကားလေးက လမ်းတစ်ဖက်ခြမ်းတွင်ရပ်သွားသည်။
"ကဲ ဆင်း အဲ့ဒါမင်းကိုလာကြိုတာ ကျန်တဲ့ကလေးတွေက ကိုယ်လိုက်ပို့ပေးမှာ"
"ကျွန်တော်လည်းလိုက်လို့မရဘူးလား"
"အခုလောက်ဆိုအမှတ်စဉ်ရေနေလောက်ပြီနော်"
ဆေး ကမန်းကတန်းပင်တံခါးဖွင့်ဆင်းလိုက်၏။ သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး လမ်းတစ်ဖက်ခြမ်းကူးသွားတော့ Damien က ကားတံခါးကိုအထဲမှ ဖွင့်ပေးလာသည်။
"အလုပ်ကနေတန်းလာခဲ့တာလား"
မျက်နှာချိုသွေးကာ ပြုံးပြရင်းမေးလိုက်တော့ Damien က ပြန်မဖြေပဲ ရွှံ့တွေပေကျံပြီးမျက်ခမ်းစပ်လေးတွေရဲနေသည့် ဆေးကို မျက်မှောင်တွန့်ကာ စိုက်ကြည့်နေ၏။
"ဟိုလေ ရွာထဲလျှောက်သွားတော့ချော်လဲလာတာ"
"ပြီးတော့ရော"
"အဲ ပြီးတော့လား ဒါပဲလေ"
"နံပါတ်တစ် ကိုယ်မှာလိုက်တဲ့စကားကိုနားမထောင်ပဲ လူစုခွဲပြီးလျှောက်သွားတာတာ ၊ နံပါတ်နှစ် အရက်မသောက်ဖူးပဲ ထန်းရည်အခါးတွေသောက်လာတာ ၊ နံပါတ် သုံး.."
"အာ တော်ပါတော့ဗျာ "
ဆေး စိတ်ပျက်လက်ပျက်နဲ့ ထိုင်ခုံကိုမီကာ အော်ပစ်လိုက်သည်။ ဗွက်ထဲချော်လဲထားလို့ စိုနေတဲ့အရှိန်နဲ့ ဖျားချင်သလိုဖြစ်နေပြီး ၊ ထန်းရည်ကလည်း အခုမှ တရိပ်ရိပ်နဲ့မူးလာတာကြောင့် Damien ကိုကြောက်သော်လည်းအသိစိတ်ကသိပ်မကပ်ချင်တော့။ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လာသည့်ဒေါသအရှိိန်ကိုသိသော်လည်း မသိချင်ယောင်ဆောင်ကာ မျက်လုံးမှိတ်ထားလိုက်သည်။
တကယ်ဆို သတိရနေခဲ့တာကို။ Damien သာပါရင်သိပ်ကောင်းမှာပဲလို့တွေးနေခဲ့တာကို။ ပွေ့ဖက်ပြီး ကြိုရင်ဘယ်လောက်များကောင်းမှာလဲ ဆိုတာထိတော့ မတွေးရဲပေမယ့် သေချာပေါက် မြင်မြင်ချင်း အဆူခံရမှာတော့ မလိုချင်ခဲ့ပါ။