3"ကျောင်းကပြန်လာပါပြီ"
ကျောင်းအသွားကို အများအားဖြင့် Damien က ရုံးသွားရင်း လိုက်ပို့တတ်ပြီး တစ်ခါတရံ ဦးမာန် ကိုပို့ခိုင်းလေ့ရှိသည်။ ကျောင်းအပြန်ကိုတော့ သူငယ်ချင်းမက်သည့် မိုရာဆေးက ဖယ်ရီသာပေးစီးဖို့တောင်းဆိုသည်။ ဒါကိုတော့ Damien က ခွင့်ပြုထားပါ၏။
နှုတ်ဆက်နေကျစကားကို ပြောရင်း မျက်လုံးဝင့်ကြည့်တော့ ဧည့်ခန်းတွင် သူ၏ ငယ်သူငယ်ချင်း တဖြစ်လဲ လူယုံ / မန်နေဂျာ/ သက်တော်စောင့် ၊ ရှိသမျှရာထူးအားလုံးပေးထားသူ ဦးမာန် နှင့်စကားပြောနေသည့် Damien ကိုတွေ့ရသည်။ Damien က ဆိုဖာတွင်ထိုင်နေခြင်းဖြစ်ပြီး ဦးမာန်က နံရံတွင် ခပ်လျော့လျော့မှီရပ်ကာ လက်ပိုက်ထား၏။ ဒီလိုပုံစံဆို အလုပ်ကိစ္စဆွေးနွေးနေတာမဟုတ်လောက်တာမို့ အနားသွားကာ Damien၏ ဘေးချင်းကပ်ခုံတွင်ဝင်ထိုင်လိုက်၏။
"မိုရာဆေး ပြန်လာပြီလား"
"ဟုတ် ဦးမာန်"
ဦးမာန် က ခေါင်းတစ်ချက်သာပြန်ဆတ်ပြသည်။
မကောင်းတတ်လို့နှုတ်ဆက်တာများသိပါ့။ ဒီလူကြီးနှစ်ယောက်က တခြားလူကိုမပြောနှင့် သူတို့ချင်းတောင် စကားပြောရမှာ အင်မတန်နှမြောကြပုံ။
ဆေး အောက်နှုတ်ခမ်းတွဲအိအိလေးကိုရှေ့ထုတ်ကာ မကျေမနပ်ကြည့်နေမိသည်ကို ဦးမာန်က အာရုံပင်ရပုံမပေါ်ပဲ Damien ကိုနှုတ်ဆက်သည်။
"ဒါဆိုနောက်နေ့မှငါလိုက်သွားလိုက်မယ် သိုးထိန်း ။ လစ်ပြီ"
Damien ကခေါင်းဆတ်ပြလိုက်သည်နှင့် နောက်ပြန်လက်ပြကာ ထွက်သွားသော ဦးမာန်၏ ခြေလှမ်းကျဲကြီးတွေနဲ့ ခြေတံရှည်ကြီးက မိုရာဆေး မတ်တတ်ရပ်နေရင်တောင်ခေါင်းပေါ်ကကျော်ခွသွားလို့ရလောက်သည်။ Damien က ကြေးနီရောင်ဟုတင်စားကြသည့် ဖြူသော်လည်းနေလောင်ထားသလို ယောက်ျားဆန်သည့် အသားအရောင်မျိုးကို ပိုင်ဆိုင်ထားပြီး ဦးမာန်ကတော့ အတော်လေးသိသိသာသာပိုညိုလေသည်။ အရပ်ကသူမသာကိုယ်မသာ မတိမ်းမယိမ်း။ ကွာလှ Damien က ၁လက်မခန့်ပိုရှည်လိမ့်မည်။