21
မနေ့ညကထဲကကောင်းစွာအိပ်မပျော်ပဲ မနက်အစောမှာပြန်နိုးကာ လုပ်လက်စအလုပ်တွေကို ဇယ်စက်သလိုလုပ်နေလိုက်သည်။ ဦးဒေါင်းဖန်ဝါ နှင့်လည်း တွေ့ဖို့ ချိန်းထားသေးသည်။ လူကြီးတွေကြား ဘယ်လိုပြဿနာရှိနေမှန်းမသိပေမယ့် မိုရာဆေးကိုတော့လုံးဝ ကွာရှင်းမပေးနိုင်။
တစ်ခွန်းဆို တစ်ခွန်းပြောတတ်သည့် အဖေ့ကို တစ်ခါမှမလွန်ဆန်ဖူးပေမယ့် ဒီတစ်ခါတော့ ထိပ်တိုက်တွေ့ရတော့မည်။ အခုချိန်မှာ ရုံးခန်းနေရာ ကိစ္စထက် ဒီကိစ္စကသာ သူ့အတွက်ပိုအရေးကြီးနေ၏။
"Damien.. Damien လို့.."
Damien လပ်တော့ပ် မျက်နှာပြင် ကိုစိုက်ကြည့်ကာ အတွေးတွေဘယ်လောက် နစ်မြောနေမိသည်မသိ မိုရာဆေးက လက်မောင်းကို လှုပ်လိုက်မှသတိဝင်သည်။ မိုရာဆေးကိုတော့ စိတ်ပူမှာစိုးလို့ ဒီကိစ္စတွေ ဘာမှပြောမထားရသေး။ ကြည်လင်နေသည့် မျက်နှာလေးက လတစ်စင်းလို ဝင်းပနေ၏။ နဖူးပေါ် ကပိုကယိုဝဲကျနေသည့် ဆံပင်တွေကို မနေနိုင်မထိုင်နိုင် သပ်ပေးမိသည်။
"စိတ်ညစ်စရာရှိလို့လား မနေ့ကလည်းတစ်နေကုန်မျက်နှာမကြည်ဘူး ၊ အခုလည်း မနက်အစောကြီး မျက်မှောင်ကြီးကြုတ်နေပြန်ပြီ"
သိပ်တည်ငြိမ် ပြီး အမူအရာနည်းသည့် Damien ၏ မျက်နှာအနေအထားကို ဖတ်တတ်နေပြီဖြစ်သော မိုရာဆေးကို Damien သဘောကျစွာ ပြုံးကြည့်မိသည်။
"မဟုတ်ပါဘူးကွာ ကိုယ်အလုပ်ကိစ္စရှိလို့။ ဗိုက်ဆာရင် မနက်စာသွားစားနှင့်လေ"
"Damien ခေါင်းအုံးလာယူတာပါ နေပူလှမ်းပေးမလို့။ ခုတလော ဇက်ကြောတက်တယ်ဆို ။ တီစိမ်းကပြောတယ် ဇက်ကြောတက်ရင်ခေါင်းအုံးနေလှမ်းပေးရတယ်တဲ့"
"ဟုတ်လား"
ခေါင်းအုံးနှစ်လုံးထဲမှ Damien ၏ ခေါင်းအုံးကိုသာရွေးယူကာ ဆေးက အနားပြန်လာရပ်သည်။
"ထပ်ပြီး ငိုင်မနေနဲ့တော့ ရေနွေးတွေ မအေးခင် သောက်လိုက်ပါဦး။ ပြီးရင် မနက်စာစားဖို့ဆင်းခဲ့တော့နော် ။ စီးကရက်တွေလည်းခါတိုင်းထက်ပိုသောက်နေတယ်မို့လား လိုက်ပြောနေရတာတကယ်ပဲ မောတယ် "