18
ပွက်ပွက်ဆူနေသောဟင်းအိုးထဲသို့ လှီးထားသော မျှစ်ချဉ် များ နှင့် နုတ်နုတ်စင်းထားသောဟင်းခတ်အမွှေးအကြိုင်များထည့်ပြီးအဖုံးဖုံးလိုက်တော့ မွှေးပျံ့သောအနံ့က နှာဖျားသို့တိုးဝှေ့လာသည်။
"တီစိမ်း ဒါဆိုကျက်ပြီလားဟင်"
စိတ်လှုပ်ရှားနေပုံရတဲ့ဆေးက ခြေဖျားလေးတွေပင် တကြွကြွဖြစ်နေသည်။ ဒီနေ့ကျောင်းပိတ်ရက်မို့ Damien အလုပ်ကို ထမင်းဘူးသွားပို့ရန် အားကြိုးမာန်တက် သင်ယူကာ ချက်နေခြင်းဖြစ်၏။ မချက်စဖူးချက်ရသောကြောင့် တစ်ကိုယ်လုံးလည်း ပေကျံကာ ဟင်းနံ့တွေနံနေသည်၊ လက်မှာလည်းအပူလောင်ဒဏ်ရာနှင့်။ သို့သော် နာရကောင်းမှန်း မောရကောင်းမှန်းသတိမရသလို အပျော်ကြီးပျော်နေသည်။
"ကောင်းပါ့မလားဟင်တီစိမ်း မြည်းကြည့်ပေးဦး"
တီစိမ်းကတော့ မနိုင်ဘူး ဟူသည့် အပြုံးဖြင့်မျက်စောင်းထိုးကာ အရသာ အပေါ့အငန် ပြင်ပေးနေသည်။ ကြက် ကချင်ချက်က Damien အကြိုက်ဆုံးဟင်း ဟု သိရတာကြောင့် ကိုယ်တိုင်ချက်ကာ ကုမ္ပဏီအထိ surprise အဖြစ်သွားပို့ရန် ဆေး တက်ကြွနေခြင်းဖြစ်ပါ၏။
"အား တကယ်ပါပဲ ကောင်းပါ့မလားဟင် သူစားပါ့မလားဟင် သူကြိုက်ပါ့မလားဟင် တီစိမ်း"
"ကြိုက်မှာပါဆေးလေးရယ် တီစိမ်းချက်ရင်တောင်သူကြိုက်တာ ဆေး ချက်ရင်ဘယ်လောက်ကြိုက်မလဲ"
မျက်ဝန်းလေးတွေမှိတ်ကျအောင်ပြုံးပြလိုက်ရင်း ရေချိုးရန်ပြေးတက်သွားသော ဆေးက ထမင်းဘူးကိုယူပြီးပြုံးနေမည့် Damien ကိုမြင်ရဖို့ မစောင့်နိုင်တော့ပါချေ။ အိမ်ထောင်ကျပြီးထဲက Damien အတွက် မယ်မယ်ရရ ဘာမှ လုပ်ပေးဖူးတာမရှိတာကြောင့် ဟင်းချက်သင်ပြီး နောက်ဆို မကြာခဏချက်ကျွေးဖို့ ဆုံးဖြတ်ထားသည်။
တီစိမ်း အိတ်နဲ့အသင့်ထည့်ပေးထားတဲ့ထမင်းဘူးကိုယူကာ တက်စီတားလိုက်ရင်း ဆေး ပြုံးရယ်နေမိတာတားမရ။ သူ့လက်နဲ့ချက်ထားသည့် ထမင်းဘူးလေးကို Damien စားတော့မည်မဟုတ်လား။
"Damien.. အဲ ဦးခန်းဝါသိုးထိန်း ဆီ လာတာပါခင်ဗျာ"
ကုမ္ပဏီဝန်းထဲရောက်တာနဲ့ ပြေးဆင်းကာ reception ကို အပြုံးလေးနဲ့ မေးလိုက်သော်လည်း Boss အရေးကြီးဧည့်သည်နဲ့အပြင်ထွက်သွားတယ်ဟူသောစကားကြောင့် နေသာနေသောရာသီဥတုလေးက ချက်ချင်း မှိုင်းညို့သွားရသည်။