-9-(U)

287 35 3
                                    

9

တစ်ချိန်လုံးမအောင်မြင်တဲ့ ထမင်းသုပ်ဟာ အားမာန်ကျေးဇူးနဲ့မှ အဆင်ပြေသွားတော့သည်။ သူက ထမင်းအိုးလောက်သာ ကောင်းကောင်းတည်တတ်ပြီး တစ်ခါတလေ ပျော့ တစ်ခါတလေ မာ တတ်သေးတာ။

ဘေးတွင် သူကြော်ထား၍ တစ်ခြမ်းတူးနေသောကြက်သားကြော်နှင့် ဆလပ်ရွက်တွေပုံလိုက်သည်။ သိပ်ပြီး ကြည့်မကောင်းလှပေမယ့် စားမရတဲ့အထိတော့မဖြစ်တာတော်သေးသည်ဆိုရမည်။  ထမင်းသုပ်ပန်းကန်ကိုကြည့်ကာချွေးပြန်နေရင်း စိတ်က တိုလာရသည်။

အဓိပ္ပါယ်မရှိ ဘာကြောင့် ဒီ ကလေးကလားတွေ လျှောက်လုပ်နေမိမှန်းမသိ။ ပြန်ရောက်ကထဲက အခန်းထဲဝင်သွားပြီး သူမှာကျွေးတာတွေကို လုံးဝမစားပဲ ဆန္ဒပြနေတဲ့ လူဆိုးကောင်လေး ဆာသေလည်းအေးတာပဲ။ ပစ်ပစ်ခါခါတွေးနေပေမယ့် လက်ကတော့ ထမင်းသုပ်ပန်းကန်ယူကာ မိုရာဆေးအခန်းဆီ ရောက်နေမိပြီ။

လေပူတစ်ချက်မှုတ်ထုတ်ကာ အခန်းတံခါးကို ခပ်ဆဆ ခေါက်လိုက်သည်။ ဘာမှပြန်မဖြေ ၊ တံခါးလည်းမဖွင့်ပုံထောက်ရင် စိတ်ကောက်နေတုန်းဖြစ်မည်။ တစ်ခွန်းမကျန်ပြန်ခံပြောတာကို ဆုံးမဖို့လိုနေပေမယ့် အရင်ဆုံးတော့ ထမင်းကျွေးရမည်မဟုတ်လား။ လော့မချထားတာကြောင့် တွန်းဖွင့်ဝင်လိုက်တော့ ရေချိုး ခေါင်းလျှော် ထားပြီးပုံရသည့် မိုရာဆေးက ဆံပင်တွေပင် စိုထိုင်းထိုင်းအနေအထားရှိနေဆဲဖြစ်ပြီး သူ့အိပ်ရာပေါ်မှာ ခွေခွေလေး အိပ်နေသည်။

ကပိုကရို ဆံပင် လေးတွေနှင့် ဘေးတိုက်မြင်နေရသည့် ရဲစွေ့နေသော ပါးပြင်လေးတွေကထိတွေ့ပစ်ချင်စရာ။ ဒီလိုပုံစံလေးမြင်တော့ သူတို့ စစတွေ့တုန်းကအဖြစ်ကို သတိရမိသည်။

_____

"ဟိုလေ ဒီက ကိုကိုရဲ့ ဖုန်းနံပါတ် ပေးလို့ရနိုင်မလား"

ကုမ္ပဏီအနီးက ကော်ဖီဆိုင်မှာ အေးအေးလူလူကော်ဖီသောက်နေတုန်း ရှေ့သို့ရောက်လာသည့် ခြေထောက်လေးတစ်စုံ။ နှင်းဆီနီတွေဖြန့်ခင်းထားသလိုရှက်သွေးတွေရဲနေသည့်ပါးပြင်လေးနှင့် ရွှန်းစိုနေသည့်မျက်ဝန်းတွေက တစ်သက်မမေ့ချင်စရာ။ အနှီချစ်စရာကောင်လေးက မျက်လုံးလေးတွေကွေးကျသည်အထိပြုံးရင်းပြောနေသည်မို့ ဘေးကိုတစ်ချက်ဝေ့ကြည့်ပြီး ဘယ်သူမှမရှိတာသေချာမှ ကိုယ့်ကိုပြောနေမှန်း အတည်ပြုလိုက်ရသည်။

CandyWhere stories live. Discover now