4Damien နှင့် လက်ထပ်ပြီးကထဲက မိုရာဆေးက အိမ်ကိုမပြန်ရတော့။ ပြန်ချင်တယ် ဟုပြောလျှင် Damien က ရုပ်တည်ကြီးနဲ့စိုက်ကြည့်တတ်တာကြောင့် မပြောရဲတာဖြစ်သည်။ အဲ့အစား လေးလေးကသာ တစ်ခါတရံလာလည်တတ်ပြီး များသောအားဖြင့် Damien မရှိသည့်အချိန်တွေချည်းသာဖြစ်၏။
Damienက ရိုင်းစိုင်းတတ်တာမျိုးတော့မဟုတ် ပဲ သူ့ဘာသူ အေးအေးဆေးဆေး တသီးတသန့်နေတာမျိုးသာဖြစ်သည်။ သို့သော် လေးလေးကိုတော့ဖြင့်အမြင်ကြည်ပုံမရ။ Damien က သူ့အဖေကိုတော့ သူချစ်ပြီးလေးစားသလောက် မိုရာဆေးရဲ့ဦးလေး ဖြစ်သူကိုတော့ တော်တော်မကြည်ပုံရကာ လေးလေး အကြောင်းပြောသည်နှင့် စကားလွှဲပစ်သည်အထိ။
Damien ၏ အဖေ က အခြားနိုင်ငံတွင်နေတာကြောင့် ဆေး မမြင်ဖူးသေးပါ။ ပြန်လာမှမိတ်ဆက်ပေးမည်ဟုတော့ပြောဖူးသည်။ဒီနေ့လည်း လေးလေး လာမည်ဆို၍ Damien အလုပ်သွားနေသည့်အချိန်ကိုရွေးကာ ခေါ်ထားလိုက်သည်။
"လေးလေး! "
Rolls Royce ကားအနက်ရောင်လေး ခြံဝသို့စိုက်လာတာနဲ့ ဆေးအပြေးလေးကြိုလိုက်သည်။ လက်ထဲက မုန့်ထုပ်တွေကိုပြေးဆွဲကာ ဖက်ပြီးချွဲပစ်လိုက်တော့ လေးလေး ကသဘောတကျရယ်လျက်။
"အခုထိ ကလေးလိုလုပ်နေတုန်းပဲ ။ Damien ကော"
"အလုပ်လေ လေးလေး ရဲ့"
"ဒီလောက်ချောတဲ့ငါ့တူလေး ကို ထားပြီး နေ့တိုင်း အလုပ်သွားနိုင်တယ်ဆိုတော့ ဒီကောင်တော်တာလား မင်းညံ့တာလား မိုရာဆေး"
"ဟာဗျာ လေးလေး ကလဲ"
လေးလေး ခါးကိုဖက်ရင်းဧည့်ခန်းဆီလာတော့ အန်တီစိမ်းက အလိုက်တသိ ရေနွေးကြမ်းလာချကာ ထွက်သွား၏။ သည်အိမ်မှာက လက်ဖက်ရည် ကော်ဖီ စတဲ့အခြားသောက်စရာတွေထက် Damien အကြိုက် ရှမ်းပြည်ဘက်ကလာတဲ့လက်ဖက်ခြောက်စစ်စစ်ကိုခပ်ထားသော မွှေးပျံ့သည့် ရေနွေးကြမ်းသာ မပြတ်တမ်းရှိသည်။ လေးလေးက ရေနွေးကြမ်းကို အေးဆေးစွာ အရသာခံသောက်ရင်း တစ်စုံတစ်ခုကိုတွေးနေဟန်ရှိ၏။
"အင်း.. မင်းတို့အိမ်ထောင်သက်က ၃ လတောင်ကျိုးလာပြီနော်"
"ဟုတ် လေးလေး "