6မှန်ချပ်တွေဖြင့် ဖွဲ့စည်းထားပြီး ကြမ်းပြင်ထိရှည်သည့်ခန်းဆီးအဖြူရောင်တွေအပြည့်ကာထားသည့် အခန်းက အဲကွန်း 16 ထိလျှော့ထားတာမို့ အေးစိမ့်နေသည်။ Damien က တစ်ဖက်အခန်းတွင် ဧည့်သည်အမျိုးသမီးတစ်ယောက်နှင့် စကားပြောနေသေးတာကြောင့် သူငယ်ချင်းငါးယောက်သား ငြိမ်ငြိမ်လေးတန်းစီထိုင်ပြီစောင့်နေကြသည်။ မိုးရိပ်ဆို စိတ်လှုပ်ရှားကာ လက်တွေအချင်းချင်းပွတ်သပ်နေတာမီးပွင့်တော့မတတ်။ ပိုးရင် ကတော့ လက်ကလေးပိုက်ကာ ငြိမ်ငြိမ်လေးထိုင်နေပြီး အာကာ နှင့် ဝေလီ ကတော့ အချင်းချင်းမျက်စပစ်ကာသာ အသံတိတ်စကားပြောနေကြ၏။
Damien ၏ ရုံးခန်းက ကြက်သီးထစရာကောင်းလောက်တဲ့ထိသန့်ရှင်းသပ်ရပ်နေပြီး ဖုန်တစ်စပင်မတွေ့ရပါ။ ဧည့်သည်ထိုင်ရန် ဆိုဖာခုံအဖြူတွေရှိပြီး ရှေ့က မှန်စားပွဲကြည်ကြည်လေးပေါ်တွင် စာအုပ် လေးငါးအုပ်ကိုသာစီစီရီရီထပ်ထားသည်။
စုသိမ်းထားသည့် လိုက်ကာများကြားမှ မြင်နေရသော Damien က ဘေးတိုက်အနေအထားနှင့် ပင်ကြည့်ကောင်းလှပြီး မပြုံးမရယ် စကားပြောနေတာဖြစ်သော်လည်း တစ်ဖက်ကအမျိုးသမီးကမူတော်တော်လေးပြုံးရယ်နေခြင်းဖြစ်သည်။ ကြည့်လိုက်ရုံနှင့် အဆင့်အတန်းမြင့်မှန်းသိသာလှစွာ ဝတ်ဆင်ထားပြီး သာမာန်ရုပ်ရည်မျိုးမဟုတ်။ သို့သော်လည်း ဆေး အတော်ပင် မျက်စိစပါးမွှေးစူးလေသည်။
"အလုပ်လုပ်နေတာဆိုတော့အဲ့လောက်တော့ရှိမှာပေါ့ ဆေးရာ"
"ငါကဘာပြောနေလို့လဲ"
တစ်ဖက်ခန်းကိုမျက်နှာမလွှဲပဲကြည့်နေသည့် ဆေး၏ မျက်နှာအရိပ်အကဲကိုကြည့်ပြီးလေသံလေးနဲ့ ပြောလာတဲ့ အာကာ့ကိုအကြောင်းပြချက်မရှိ ရန်စွာနေမိသည်။
"မသိဘူးလေ မင်းမျက်နှာက ငါတို့အဘွားရဲ့ တစ်လမလျှော်ရသေးတဲ့ဘော်လီကြီးလို ညစ်ထေးနေလို့"
"ဖွီ .. နှိုင်းစရာရှားလို့ကွာ"
တခွိခွိနဲ့ခပ်ကြိတ်ကြိတ်ဝိုင်းရယ်နေကြတုန်း တစ်ခန်းလုံးခပ်သင်းသင်းပျံ့သွား Dior Sauvage ရေမွှေးနံ့နှင့်အတူ Damien က အခန်းထဲဝင်လာသည်။