15
ညအိပ်မီးသီး ဝါဝါ အောက်တွင် မိုရာဆေး၏ ရှည်လျားသည့်မျက်တောင်ရိပ်တွေက ပါးပြင်တွေပေါ်ဖြာကျနေသည်။ တမင်အိပ်ချင်ယောင်ဆောင်နေမှန်း သိသာစွာ မျက်ခွံလေးတွေက လှုပ်ခတ်လျက်။
"ပြန်ရောက်ထဲက စကားသေချာပြောလို့မရအောင်ပတ်ပြေးနေပြီး ည၈ နာရီတောင်မထိုးသေးဘူး အိပ်ချင်ယောင်ဆောင်နေပြန်ပြီ"
ပိုပြီးတင်းကျပ်စွာမှိတ်လိုက်တဲ့မျက်လုံးအစုံကြောင့် Damien အနည်းငယ်ပြုံးလိုက်မိသည်။
"မိုရာဆေး"
ခေါ်သံနဲ့အတူ ငြိမ့်ခနဲ ဖြစ်သွားသောမွေ့ယာကြောင့် Damien ထိုင်လိုက်တာမှန်းသိပြီး စောင်အနားသတ်လေးကိုဆုပ်ကိုင်ထားသည့်လက်လေးတွေ တင်းကျပ်သွားသည်။ ပြီးနောက် လက်မောင်းနှစ်ဖက်ပေါ်ဆုပ်ကိုင်လာသည့် လက်တစ်စုံမှ စီးကရက်နံ့သင်းသင်း ပျံ့၏။ ထိုလက်ချောင်းများအားဆွဲယူနမ်းရှိုက်ချင်စိတ်ကိုချိုးနှိမ်လိုက်ရအပြီး ဆေး ရုတ်တရက်ထိတ်လန့်သွားမိသည်။
ဘာကြောင့်များ ဒီလိုအတွေးတွေ..
အတွေးမဆုံးခင် ဆတ်ခနဲ ဆွဲထူခံလိုက်ရတာကြောင့် အူကြောင်ကြောင်နှင့် အတောင့်သားလေး ထထိုင်လျက်သားဖြစ်သွားရသည်။ ယောင်ပြီးမျက်လုံးဖွင့်မိမလိုဖြစ်ပြီးမှ အတင်းအကျပ်ပြန်မှိတ်ထားလိုက်ရသည်။
"ဒါမှ မနိုးသေးရင် နိုးတဲ့ထိ ကိုယ်နမ်းတော့မှာ"
ငုံ့မိုးလာသော မျက်နှာကို လက်နှစ်ဖက်ဖြင့် အသဲအသန် တွန်းရင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ အနည်းငယ် ချိုင့်ဝင်ချင်နေသောမျက်တွင်းများနှင့် စူးရဲသောမျက်ဝန်းတစ်စုံ ၏ အကြည့်တို့က နီးကပ်လွန်းစွာ။ ရင်ခွင်ထဲ ခိုဝင်ပစ်လိုက်ချင်စိတ်ကို ဒီလူနဲ့နီးကပ်လာတိုင်း ချိုးနှိမ်ပစ်ရတာ သိပ်ခက်လွန်းပါတယ်။
Damien က ကိုယ်ကိုအနောက်ပြန်ယို့ကာ မေးခွန်းထုတ်သလိုကြည့်သည်။
"ဘာလို့လဲ မနမ်းရဘူးလား"
"အဲ့လိုကြီးမေးစရာလား"
"နမ်းရမှာလား"
"အဲ့လိုကြီးရော မေးစရာလား"