19
Taxiတစ်စီးငှါးကာပြေးတက်လာပြီးမှ ဘယ်ကိုမောင်းခိုင်းရမယ်မှန်းမသိ။ ငိုထား၍ ပေတလူးဖြစ်နေသောမျက်နှာကို ကားဆရာက ကွက်ကြည့်ကွက်ကြည့်ဖြစ်နေပြီ။ နောက်ဆုံးမှအကြံရသွားကာ ပိုးရင်တို့အိမ်လိပ်စာပြောကာမောင်းခိုင်းလိုက်ရသည်။ ပိုးရင်တို့အိမ်က ဖော်ရွေပြီး သဘောကောင်းသဖြင့် ဂျီကျချင်တိုင်းကျလို့ရသည်လေ။
ပိုးရင်တို့အိမ်လေးက နှစ်ထပ်တိုက်ကိုမှ ခြံဝန်းကျယ်ကျယ်နှင့် နေချင်စဖွယ်ကောင်းလှသည်။ ရောက်တာနှင့် လူကြီးတွေကိုနှုတ်ဆက်ပြီး ပိုးရင်အခန်းဆီ ပြေးတက်လာခဲ့လိုက်သည်။ ဒီအချိန်ဆို ပိုးရင် အိမ်နောက်ဖေးရှိအပင်တွေကိုရေလောင်းမနေပါက အခန်းထဲတွင် Lego အရုပ်ဆက်နေလိမ့်မည်။
"ပိုးရင်"
မြင်တာနှင့် ဆယ်နှစ်လောက်ဝေးကွာနေသည့်သားအဖတွေလို ပြေးဖက်ကာ ငိုချလာသည့်မိုရာဆေးကို ပိုးရင်က အလန့်တကြား နှစ်သိမ့်ရှာသည်။
"ဘာဖြစ်လာတာလဲ ဦးသိုးဝါနောက်မိန်းမယူသွားပြီလား"
"ဖွဟဲ့ ယူစရာလား ဒါပေမယ့် သူက .. သူက ငါ့ကိုမချစ်ဘူးတဲ့ကွ"
ငိုသံကြီးနဲ့ပြောချလိုက်သော်လည်း-
"ဪ ဟုတ်လား"
"ဒီထက်တော့ လန့်ပြဦး"
"ဝိုးးး တကယ်ကြီးလား"
"အဲ့လောက်ကြီးကျများသွားပြီ"
တစ်လမ်းလုံး တစိမ့်စိမ့် ဝမ်းနည်းလာသမျှ ပိုးရင်နဲ့တွေ့မှ အနည်းငယ်ပေါ့ပါးလာကာ ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြလိုက်သည်။
"မင်းကလည်းကွာ သူလည်းအကြောင်းရှိလို့ပြောတာ နေမှာပေါ့ သူမင်းကိုဒီလောက်ဂရုစိုက်တာ ငါတို့တောင်သိနေတာပဲ"
"အဲ့ဒါတော့ဟုတ်ပေမယ့် အဲ့လိုကြီးကျ စောက်ရမ်းဝမ်းနည်းတယ်ကွာ.."
ပြောရင်းငိုသံပါလာတဲ့ဆေးကို ပိုးရင်က အလန့်တကြားတားသည်။
"တော်ပါတော့ကွာ မငိုနဲ့တော့ အော်ကြီးဟစ်ကျယ်နဲ့။ ဘေးအိမ်တွေကြားရင် ငါ့ကြီးတော်ကြီးဆုံးတယ်ထင်နေမယ် ဒီလိုလုပ်ကွာ"