5အခန်းတံခါးကိုအသံမမြည်အောင် ဖြည်းဖြည်းချင်းဖွင့်ကာ ဆေး ခြေဖျားထောက်ဝင်လိုက်သည်။ ထုံးစံအတိုင်း ကျောင်းသွားကာနီး အင်္ကျီလာခိုးခြင်းဖြစ်၏။ Damien က ဆေးထက် အတော်လူကောင်ထွားတာကြောင့် သူ့အင်္ကျီတွေဟာ ဆေး အတွက် အကောင်းဆုံး oversize အပေါ်ထပ်အင်္ကျီတွေဖြစ်သည်။ ပြီးတော့ Damien ရဲ့အင်္ကျီ ပွပွကြီးတွေထဲ တစ်ကိုယ်လုံးနစ်မြုပ်နေရတာ ဆေးအတွက်လုံခြုံသလိုခံစားချက်ကိုရတာကြောင့် အမြဲခိုးဝတ်နေကျ။
မနေ့ကတော့စိတ်ကောက်မိလိုက်သေးပေမယ့် ညစာစားဖို့ဆင်းလာတော့ ထမင်းစားပွဲပေါ် တိတ်ဆိတ်စွာလှဲလျောင်းပြီးကြိုဆို နေတဲ့ Pizza Maru က Maru Ocean pizza ကြီးကိုတွေ့တော့ ချက်ချင်းခွင့်လွှတ်လိုက်မိသည်လေ။ အဲ့ဒီ pizzaပေါ်က ကင်းမွန်အကွင်းကြီးတွေ စားရရင် လောကကြီးကိုပါမေ့သွားတတ်တာ။
ဗီရိုထဲတွင် ချိတ်ဖြင့်အစီအရီချိတ်ထားသော တန်ဖိုးကြီး ရှပ်တွေထဲက အဖြူစွပ်စွပ်ကိုမှ ကော်လာတွင် အစင်းလေးပါသောအင်္ကျီအား သဘောတကျဖြုတ်ယူလိုက်သည်။ လူကြီးလည်းသိပ်မဆန်ပဲ ရှင်းရှင်းလေးနဲ့လှသည်။ ဗီရိုတံခါးကိုအသံမမြည်အောင် ပြန်ပိတ်ပြီး Damien ဆီခိုးကြည့်မိတော့ အိပ်ပျော်နေသည့် မျက်နှာချောချောတွင် ဆေး အကြည့်မလွှဲနိုင်တော့။
ငြိမ်းချမ်းစွာ မှိတ်ထားသောမျက်ဝန်းတွေအား နိုးနေသည့်အချိန်တွင်ဘယ်တော့မှ ကြာကြာ ရင်ဆိုင်မကြည့်ရဲခဲ့။ မျက်နှာပေါ် အမြဲဝဲကျနေတတ်သည့် ဆံပင်တွေအား အိပ်နေရင်း နဖူးပေါ် သပ်တင်ထားတာကြောင့် မျက်ခုံးတန်း နက်နက်တွေကို ရှင်းလင်းစွာမြင်နေရသည်။ သေချာကြည့်တော့ နှာတံ ချွန်ချွန်ဟာ ဖြောင့်စင်းနေပုံများ ကုန်းလျှော ကစားလို့ပင်ရလောက်သည်။ ပြီးတော့ ပိရိစွာ စေ့ထားသည့်နှုတ်ခမ်းတွေဟာ စီးကရက်အမြဲသောက်နေလို့လားမသိ သွေးရောင်ခပ်ဖျော့ဖျော့သာလွှမ်းသည်။ အဲ့ စီးကရက်နံ့သင်းတဲ့ နှုတ်ခမ်းပါးတွေဟာ ဆေးရဲ့ နှုတ်ခမ်းတွေပေါ် ဘယ်နှကြိမ်လောက်ပြေးလွှားဖူးတာပါလိမ့်ဟု တွေးမိတော့ မျက်နှာတစ်ခုလုံး ရှိန်းခနဲ နွေးသွားရသည်။