Unicode
ညဉ့်နက်သန်းခေါင်ကြီး အိမ်ထဲကို ကားတစ်စီးဝင်လာတဲ့အသံအား ချမ်းဝေ ကြားလိုက်ရသည်။
"အကိုကြီး..သတိထားဦး အရှေ့မှာ အထစ်ရှိတယ်"
ဘုန်းမာန်ရည်ထက်၏ အသံအားကြားနေရပြီး အကိုလည်းပါလာပုံရသည်။ ချမ်းဝေ ကုတင်ပေါ်မှထလိုက်ပြီး ဝှီးချဲပေါ်ခက်ခက်ခဲခဲတက်လိုက်သည်။ ပြီးနောက် အပြင်ကိုထွက်လိုက်လေသည်။
"ချမ်းဝေ! အတော်ပဲကွာ နည်းနည်းကူပါဦး"
ဘုန်းမာန်သည် ချမ်းဝေကိုမြင်သည်နှင့် ဝမ်းသာအားရ အကို့အား မနိုင်မနင်းတွဲခေါ်လာကာ ချမ်းဝေ၏ခြေရင်းတွင် အကို့အားထိုင်လျက်ချထားလိုက်သည်။ အကိုသည် ချမ်းဝေ၏ပေါင်ပေါ်တွင် ခေါင်းတင်ကာလှဲနေပြီး လက်တွေကခါးကိုဖက်လာသည်။
"အကိုဘုန်းမာန် ခြေရင်းကြီးမှာ မချနဲ့လေ"
"ငါလည်းခေါင်းထဲမူးနေလို့ ခဏပါပဲကွာ၊ တစ်ခုခုသောက်ပြီး ပြန်လာခဲ့မယ် ခဏကြည့်ပေးထား"
အကိုသည် အသိစိတ်လေး အနည်းငယ်ရှိသေးပုံရ၏။ ချမ်းဝေ၏ ပေါင်ပေါ်တွင် နေရာပြင်ကာ ခေါင်းအုံးလိုက်ပြီး ကျကျနနဖက်တွယ်လာခဲ့သည်။
"အကို..အကို.."
ချမ်းဝေ၏အသံလေးမှာ ခပ်တိုးတိုး၊ အကို့မျက်လုံးတွေကတော့မပွင့်တပွင့်။
"ယုန်ကလေးလား.."
ညှင်းညှင်းလေးထွက်လာတဲ့ နာမ်စားကြောင့် ချမ်းဝေ ကြက်သီးမွှေးသီးလေးတွေ ထိုးထိုးထောင်ထောင်ဖြစ်သွားသည်။ အကိုက သူ့ကို ရည်ညွှန်းတာများလား..
"အကို..မတ်တပ်ရပ်နိုင်လားဟင် ကြမ်းပြင်ကြီးမှာ ထိုင်မနေပါနဲ့"
ခပ်ရဲရဲကျဉ်းကျဉ်း မျက်လုံးများသည် မော့ကြည့်လာခဲ့ပြီး ချမ်းဝေကိုမြင်တော့ ငိုချတော့မည့်ဟန် ဝမ်းနည်းကြောင်းအရိပ်အယောင်တွေ ပြည့်လွှမ်းလာခဲ့သည်။
"ကိုယ့်...ကိုယ့်ကို မမုန်းပါနဲ့"
"ချမ်းဝေလေး..ကိုယ်က မကောင်းတဲ့လူမဟုတ်ပါဘူးကွာ"
အကိုက အတော်လေးမူးနေပြီး စကားတစ်ခွန်းပြောလိုက်တိုင်း ချမ်းဝေ မခံနိုင်လောက်အောင် အရက်နံ့တွေကလည်း ထွက်နေသေးသည်။

ESTÁS LEYENDO
Even The Devil , Once An Angel(COMPLETED)
RomanceSatan knows that he never be an angel again. Nay Wunn Arnar Chan Wai 14.3.23 9.8.24