Unicode
အပိုင်း (၁၀) ကလဲ့စား
ကျန်းကျိရင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားသည်။
ခေါင်းနှင့်ကျလိုက်သောကြောင့် မူးဝေသွာကာ နောက်ဆုံး မြင်လိုက်သောအရာမှာ သူ့နားသို့ အုံလာသော ရွံစရာဇွန်ဘီများသာ ဖြစ်သည်။ သူသတိလစ်သွားပြီး အမှောင်ထုထဲသို့ နက်နက်ရှိုင်းရှိုင်းကျသွားတော့သည်။
ဤသည်မှာ လိရွှယ်ဖုန်း နောက်ဆုံးမြင်လိုက်ရသော မြင်ကွင်းလည်း ဖြစ်သည်။
သူ၏ နောက်ဆုံးထွက်ခွာသည့် အခိုက်အတန့်တွင် ရုတ်တရက် အနက်ရောင်မီးတောက်မီးလျှံတို့ အရှိန်တညီးညီးဖြင့် အကာအကွယ်တစ်ခု သဏ္ဍာန်ပေါ်ပေါက်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားမိပေ။ နောက်တစ်စက္ကန့်တွင် မီးတောက်တို့က ကောင်းကင်ထက်ထိ ထိုးတက်သွားကြပြီး ပေါက်ကွဲသွားကြကာ ဇွန်ဘီအုပ်ကြီးကို တစ်မုချင်းမဟုတ် ပြာကျသွားစေခဲ့သည်။
ဘာမှမရှိတော့သော ကွင်းပြင်ကျယ်တွင် အိပ်ပျော်နေသော လူငယ်လေးသာ ကျန်ခဲ့လေသည်။ ထို့အပြင် ထိုလူငယ်လေးကို ကြည့်နေသော တစ်စုံတစ်ယောက်လည်း ရှိနေသေးသည်။ ကြည့်ရသည်မှာ ယခုလေးတင်မှ ဖြတ်ခနဲ ပေါ်လာသော လူတစ်ယောက် ဖြစ်ပုံရသည်။ သူ၏ မျက်ဝန်းနက်နက်များက မေ့လဲနေသော လူငယ်လေးကို အပျော်လား ဒေါသလား မရေရာသော အကြည့်တို့ဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
သူသည် ထိုလူငယ်လေးအနားသို့ တိတ်ဆိတ်စွာဖြင့် သတိထားနေဟန် တစ်လှမ်းချင်း လှမ်းသွားခဲ့ကာ လူငယ်လေး ရှေ့ရောက်ချိန်တွင် ခြေလှမ်းရပ်လိုက်သည်။ လူငယ်လေးကို ဝံ့ကြွားဂုဏ်ယူဟန်ဖြင့် ကြည့်လိုက်သည်။ အချိန်အကြာကြီး ကြည့်နေပြီးနောက် သူ၏ လက်ကို ဆန့်လိုက်ကာ လက်ချောင်းထိပ်များဖြင့် လူငယ်လေး၏ ညာဘက်ပါးပြင်ကို မထိရက်မကိုင်ရက်စွာ ထိတွေ့လိုက်သည်။ ထို့နောက် ဓာတ်လိုက်သွားသည့်အလား ဆတ်ခနဲ ပြန်ဖယ်လိုက်လေသည်။
ကောင်ငယ်လေးကို ထိလိုက်သော လက်ချောင်းထိပ်လေးများကို မျက်နှာရှေ့ထိ မြှောက်၍ သေချာဂရုတစိုက် ကြည့်လိုက်သည်။ ထို့နောက်တွင် စိတ်ကိုဆုံးဖြတ်လိုက်ပုံဖြင့် ခေါင်းတစ်ချက်ညိမ့်လိုက်ကာ ကောင်လေးကို နှောက်ယှက်မိသွားမှာ စိုးပုံဖြင့် ဒူးထောက်ထိုင်ချလိုက်ပြီး လက်မောင်းနှစ်ဖက်ကို အကျယ်ကြီးဖွင့်၍ အသာအယာပွေ့ဖက်လိုက်သည်။
YOU ARE READING
ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...
Fantasyဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။