သူရဲကောင်း စာမေးပွဲ (၄)
လုံဟောင်ချန်းမှာ သစ်ပင်၏ အကာအကွယ်ကို ယူ၍ အနက်ရောင် ဝတ်စုံ ဝတ်ထားသူများ၏ အသွင်အပြင်ကို ရှင်းရှင်း လင်းလင်း မြင်လိုက်ရပြီးနောက် အတော်လေး ထိတ်လန့်သွားသည်။ အထူးသဖြင့် သူတို့၏ အဝါရောင် မျက်လုံးများနှင့် အနံ့ခံရန် ကြိုးစားနေသည့် နှာခေါင်းမှာ အလွန် ကြောက်စရာ ကောင်းလှပေသည်။
ထိုစဉ် အေးစက်သည့် အသံတစ်ခုက တောအုပ်တစ်လျှောက် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။
"မင်းတို့က သူ့ကို အသည်းအသန် လိုက်ဖမ်းပြီးမှ အခုလို အေးဆေး ထွက်သွားနိုင်မယ် ထင်နေတာလား... မင်းတို့ ထွက်သွားစရာ မလိုတော့ဘူး..."
ကောင်းကင်ထက်၌ တောက်ပသည့် အလင်းတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လူများ၏ ခန္ဓာကိုယ်များမှာ တောင့်တင်းသွားကာ တခဏလေး အတွင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထို့နောက် လေထဲတွင် မျက်နှာဖုံး စွပ်ထားသော အဖြူရောင်ဝတ် အမျိူးသားတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီး ၎င်းထံမှ မျက်စိကျိန်းမတတ် တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။ သစ်တောတစ်ခုလုံး တုန်ခါသွား၏။ လုံဟောင်ချန်းမှာ မျက်စိကျိန်းလွန်း၍ မျက်စိ မဖွင့်နိုင် ဖြစ်နေသည်။
နောက်ဆုံး အလင်းတန်းများ ပျောက်ကွယ်သွားချိန် မျက်စိဖွင့်လိုက်သောအခါ အနက်ရောင်ဝတ်စုံနှင့် လူများ အားလုံး ပျောက်ကွယ်သွားသည်ကို လုံဟောင်ချန်း အံ့အားသင့်စွာ တွေ့လိုက်ရသည်။ ထိုအစား မြေပြင်ထက်၌ တည်ငြိမ်စွာ ရပ်နေသော အဖြူရောင်ဝတ် လူတစ်ယောက်ကို တွေ့လိုက်၏။
အရာ အားလုံးမှာ မြန်ဆန်လွန်းလှသည်။ လက်ရှိ လုံဟောင်ချန်း ရှေ့တွင် ရှိနေသော အရာမှာ ချူံပုတ် များသာ ဖြစ်၏။ အခြားအရာအားလုံးမှာ ဖုန်မှုန့် အဖြစ်ပြောင်းလဲ သွားလေပြီ။ အစောပိုင်းမှ ရက်စက် ကြမ်းကြုတ်ဟန် တူသည့် လူများမှာ တစ်ခါမှ မတည်ရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားဟန် တူ၏။
ထိုစဉ် အဖြူရောင် ဝတ်လူက လုံဟောင်ချန်းတို့ ရှိသည့် ချူံပုတ်ဘက်ကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
YOU ARE READING
ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်
Fantasyမူရင်းဝတ္ထုစီးရီး - Shen Yin Wangzuo (Throne of Seal) မူရင်းရေးသားသူ - Tang Jia San Shao ဝတ္ထုစီးရီး - ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင် ဘာသာပြန်ဆိုရေးသားသူ - Win Min Khant