သူရဲကောင်းတို့၏ မြင့်မြတ်သောတောင်-၃
" ဟမ် ... "
ဒီလောက်တောင်ပဲ သတိထားနေရတာလား ....
ယဲ့ဟွာက လုံဟောင်ချန်းအား နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ထိုခဏတွင် လုံဟောင်ချန်း၏ အသံကထွက်ပေါ်လာ၏။
" ဆရာ ... ကျွန်တော့်ရဲ့ မွေးရာပါ စိတ်စွမ်းအင်က ၉၇ ပါ "
" အင်း "
ယဲ့ဟွာက စိတ်ဝင်စားဟန်ပင် သိပ်မပြ။ သူ့ခေါင်းထဲတွင် လုံဟောင်ချန်း၏ သူ့အား ဆရာတစ်ယောက်လိုသာမက အဖေတစ်ယောက်လိုပါ သဘောထားသည်ဟူသော စကားများကို ပြန်တွေးနေဆဲပင် ဖြစ်သေးသည်။ သူ့နှလုံးသားတွင် ပျော်ရွှင်မှုနှင့် နွေးထွေးမှုက မဖော်ပြနိုင်လောက်အောင် ပြည့်နှက်လာ၏။ သူသည် တစ်ဘဝလုံး လက်မထပ်ပဲ ဖြတ်သန်းခဲ့သည်။ ဤကဲ့သို့ သိတတ်လိမ္မာသော အဖိုးတန်တပည့်ကို ရထားလေရာ သူကလည်း သားတစ်ယောက်လို သဘောထားသည်မှာ သူ့အလွန် မဟုတ်ချေ။
" ၉၇ .... ဟမ် .... ဘာပြောလိုက်တာ "
ယဲ့ဟွာမှာ အလန့်တကြားဖြစ်သွားပြီး အော်မေးလိုက်မိသည်။ သူ့မျက်လုံးများထဲမှ မျက်ရည်စများမှာလည်း လုံးဝပျောက်ကွယ်သွား၏။
လုံဟောင်ချန်းက ခပ်ယဲ့ယဲ့ ပြုံး၏။
" ဒါကြောင့် ကျွန်တော်ပြောဖို့ တွန့်ဆုတ်နေခဲ့တာ .... ဆရာလန့်သွားမယ်ဆိုတာ ကျွန်တော်သိတယ် "
ယဲ့ဟွာသည် တံတွေးတစ်ချက်မြိုချလိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ ပိုမိုအင်အားကြီးသော ' နတ်ဘုရား အလင်း အကာအရံ'တစ်ခု ဖြစ်တည်လာခဲ့ပြီး သူတို့နှစ်ယောက်အား ထပ်မံလွှမ်းခြုံသွားသည်။
" မင်းရဲ့ မွေးရာပါ စိတ်စွမ်းအင်က ၉၇ ဟုတ်လား "
ယဲ့ဟွာ၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။ လုံဟောင်ချန်းက ခေါင်းငြိမ့်၏။
" မဖြစ်နိုင်တာ "
ယဲ့ဟွာက သေချာစွာ ပြောသည်။
" မင်း ငါတို့ရဲ့ ခန်းမအခွဲကို ရောက်လာတုန်းက မင်းရဲ့ စိတ်စွမ်းအင်က ၂၆၈ ပဲရှိတယ်လို့ ဝတုတ်ကောင်နာ့လန်ရှု ပြောခဲ့တာပါ။ နတ်ဘုရားစိတ်ဝိဉာဉ် နိုးထခြင်းဖြစ်တဲ့အချိန်မှာ မင်းရဲ့ စိတ်စွမ်းအင်က ၂၀၀ ပဲရှိမှာလေ။ ဒါကြောင့် မင်းရဲ့ မွေးရာပါ စိတ်စွမ်းအင်က အရမ်းမြင့်နေမယ်ဆိုရင်တောင် ၆၈ ထက် မမြင့်နိုင်ဘူး "
YOU ARE READING
ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်
Fantasyမူရင်းဝတ္ထုစီးရီး - Shen Yin Wangzuo (Throne of Seal) မူရင်းရေးသားသူ - Tang Jia San Shao ဝတ္ထုစီးရီး - ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင် ဘာသာပြန်ဆိုရေးသားသူ - Win Min Khant