နဂါးနိုးထ၍ ပျံသန်းခြင်း-၃
လူသားများနှင့် နှိုင်းယှဉ်သော် မိစ္ဆာများ၏ ကြောက်စရာအကောင်းဆုံးအချက်မှာ မွေးရာပါ တိုက်ခိုက်နိုင်စွမ်းဖြစ်သည်။ ၎င်းတို့သည် မွေးဖွားလာချိန်တည်းက တိုက်ခိုက်နိုင်ကြသည်။ သူတို့သည် အထူးတလည် လေ့ကျင့်စရာမလိုပါဘဲ အင်အားကြီး စစ်သည်တော်များ ဖြစ်လာနိုင်ကြသည်။ လုခ်ကလန်၏ မွေးရာပါစွမ်းအားမှာ ၎င်းတို့၏ ဆူးချွန်ကြီးလေးခု ဖြစ်လေသည်။ ၎င်းတို့သည် ရင်ဆိုင်တိုက်ခိုက်ရာတွင် သာမန်အရည်အချင်းသာ ရှိကြသော်လည်း ချောင်းမြောင်းတိုက်ခိုက်ရာတွင် ကျွမ်းကျင်ကြသူများ ဖြစ်၏။ မြေအောက်တွင် သူတို့သည် လက်လေးဖက်ကို အပေါ်မြှောက်၍ လျင်မြန်စွာ ပြေးလွှားနိုင်ကြသည်။ ထို့ပြင် သူတို့၏ တိုက်ခိုက်မှုမှာ မြေအောက်မှ လာခြင်းဖြစ်လေရာ လူအများစုမှာ ခုခံကာကွယ်ရန် အချိန်မရကြသည်ကများသည်။
လုံဟောင်ချန်းတို့ ငါးယောက်အား လုခ်ကလန်မှ မိစ္ဆာ ၁၆ ယောက် ၁၇ ယောက်ခန့်က ဝိုင်းထား၏။ သူတို့ထဲမှ အချို့မှာ မြေပြင်ပေါ်တွင် လဲနေကြသည်။ ထိုသူများသည် လုံဟောင်ချန်း၏ ခုခံမှုကြောင့် သေဆုံးသွားကြသည်မှာ သံသယ ရှိရန် မလိုပေ။
လုခ်ကလန်သားများသည် မြေအောက်မှ ထွက်လာပြီးသည်နှင့် လုံဟောင်ချန်းတို့ ငါးယောက်ထံ ပြေးဝင်လာ၏။ ၎င်းတို့၏ ထက်မြသော ဆူးချွန်ကြီးများမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လေသည်။
ရန်သူများသည် ဘက်ပေါင်းစုံမှ ပြေးဝင်လာသောကြောင့် လင်ကျားလုမှ တစ်ပါး ကျန်လူများမှာ အချင်းချင်း ကျောခိုင်းလျက် အနေအထားဖြင့် ရန်သူများကို ရင်ဆိုင်ရန် ပြင်လိုက်ကြသည်။ သူတို့မှာ စိတ်လှုပ်ရှားနေကြသော်လည်း ကျင့်ကြံဆင့် အဆင့်ကြီး စတုတ္ထအဆင့်ကို ရောက်ပြီးသူများ ဖြစ်ကြရာ ကမူးရှူးထိုး မတိုက်ခိုက်ရန်လောက်တော့ နားလည်ကြလေသည်။ သူတို့သည် မူလနေရာချထားသည့် အနေအထားအတိုင်း လင်ကျားလုကို အလယ်တွင်ထား၍ ကာကွယ်လျက် လက်နက် ကိုယ်စီကို ဝှေ့ယမ်းလိုက်သည်။
အရင်ဆုံး စတင်တိုက်ခိုက်သူမှ လုံဟောင်ချန်း၏ ဘေးမှ ဟောင်ရွယ် ဖြစ်၏။ ၎င်း၏ ဦးခေါင်းနှစ်ဖက်သည် တဖက်စီသို့ မျက်နှာမူ၍ ရှောင်ဟုန် (မီးလျှံကလေး)က မီးဓာတ်များကို စုစည်း၍ မီးလုံးတစ်လုံး ပစ်လွှတ်လိုက်သည်။ ရှောင်ရွယ်(အလင်းကလေး) ကလည်း အလင်းမြားတစ်စင်း ပစ်လွှတ်လိုက်ရာ မီးလုံးထက်ပင် မြန်ဆန်လေ၏။
YOU ARE READING
ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်
Fantasiမူရင်းဝတ္ထုစီးရီး - Shen Yin Wangzuo (Throne of Seal) မူရင်းရေးသားသူ - Tang Jia San Shao ဝတ္ထုစီးရီး - ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင် ဘာသာပြန်ဆိုရေးသားသူ - Win Min Khant