အခန်း ၃၂

70 3 0
                                    

သက်တံ့ရောင်စဉ်ဒိုင်း-၂

လုံဟောင်ချန်းသည် ရှောင်တိမ်းရန် မကြိုးစားပဲ ရေခဲလုံးအား ထိပ်တိုက်ရင်ဆိုင်ရန် ရှေ့တက်သွား၏။

သို့သော် ရေခဲလုံးမှာ လုံဟောင်ချန်း ဘာလုပ်ချင်သည်ကို သိသည့်အလား အောက်သို့ရုတ်တရက် ကျသွားသည်။ 'ခွပ်'ဟူသော အသံနှင့်အတူ တိုက်ခိုက်မှု ဦးတည်ရာသည် မြေပြင်ဖြစ်သွား၏။ အပြာဖျော့ရောင် အလင်းသည် ၀.၆၆ မီတာ ပတ်လည်ဝန်းကျင်သို့ ချက်ချင်းဖုံးလွှမ်းသွားခဲ့ပြီး ရေခဲချွန်များဖြစ်လာကာ လုံဟောင်ချန်း၏ ပြေးဝင်လာမှုအား နှောင့်ယှက်လိုက်သည်။

အေးခနဲဖြစ်သွားသည့် ခံစားချက်နှင့်အတူ လုံဟောင်ချန်း၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ့ကိုယ်သည်လည်း ဟန်ချက်ပျက်၍ ယိမ်းယိုင်သွားလေ၏။

လင်ကျားလုက ယုံကြည်ချက်ရှိစွာ ပြုံးလိုက်ပြီး နောက်ထပ် မန္တာန်တစ်ခုကို စတင်ရွတ်ဆိုသည်။ အပြာရောင် အလင်းလွှာတစ်ခုက သူမအား လွှမ်းခြုံလာသည်။ ထိုမန္တာန်မှာ ဒုတိယအဆင့် မှော်မန္တာန် 'ရေခဲဝတ်ရုံလွှာ' ဖြစ်၏။

သို့သော် လင်ကျားလု၏ အပြုံးမျက်နှာထက်တွင် အံ့အားသင့်မှုက ရုတ်ချည်း အစားထိုးလာသည်။

သူမ မြင်လိုက်ရသည်မှာ လုံဟောင်ချန်းသည် သူမရှေ့သို့ လျှပ်တစ်ပြက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူ့ခြေထောက်ပတ်လည်တွင် ရွှေရောင်အလင်းများ လင်းလက်နေခဲ့ပြီး ရေခဲနေသောမြေပြင်သည် သူခြေချလိုက်သည်နှင့် ချက်ချင်းကွဲကြေသွားသည်။ အဟန့်အတားတစ်ခု ကြုံတွေ့ခဲ့သော်ငြား သူ့ပြေးနှုန်းမှာ နှေးကွေးသွားခြင်း မရှိပဲ လင်ကျားလုထံ အရှိန်အဟုန်ပြင်းစွာ ဆက်လက်ပြေးဝင်လာ၏။ သူ့ဓားမှာလည်း လင်ကျားလု၏ ရေခဲလွှာအား ထိုးဖောက်ရန် အသင့်ဖြစ်နေလျက်။

တတိယအဆင့် သူရဲကောင်း ...

လင်ကျားလုနှင့် သူမ၏ လက်ထောက်နှစ်ယောက်လုံး အံ့အားသင့်နေကြသည်။ တတိယအဆင့် သူရဲကောင်းတစ်ယောက်ကသာ အလင်းဓာတ်အထူးပြု စိတ်စွမ်းအင်ကို အသုံးပြုနိုင်ခြင်းဖြစ်သည်။

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now