သူရဲကောင်းတို့၏ မြင့်မြတ်သောတောင်-၄
လုံဟောင်ချန်းက သက်တံ့ရောင်စဉ်ဒိုင်းကို အဆင်သင့်ထုတ်လိုက်သည်။ သူရဲကောင်းများ အားလုံးသည် အမြဲတမ်း သတိနှင့်နေရမည်ဟု သူသင်ယူခဲ့ရ၏။
အလွန်တရာ ကြီးမားသော ပုံရိပ်ကြီးမှာ မြေပြင်နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့၏။ ထိုပုံရိပ်မှာ လေသားရဲတစ်ကောင် ဖြစ်လေသည်။
ထိုလေသားရဲမှာ ယဲ့ဟွာ၏ ရောင်စဉ်တောင်တန်းငှက်ထက်ပင် အရှိန်အဝါ ကြီးမားလေသည်။ ထိုသားရဲသည် မြင်းတစ်ကောင်နှင့် အကြမ်းဖျင်းတူပြီး နဂါးခေါင်းနှင့် ငှက်ကိုယ်ထည်ရှိကာ ခြောက်မီတာခန့် မြင့်မား၏။ ၎င်း၏ ဦးခေါင်းမှ အမြီးအထိကို အရောင်ငါးခုရှိသော ငှက်တောင်ရှည်များက ဖုံးလွှမ်းထားသည်။ သားရဲကြီးသည် မြေပြင်ပေါ် သက်ဆင်းပြီးနောက် တောင်ပံကြီးများကို သိမ်းကာ ဦးခေါင်းကို မော့လိုက်၏။
လှလိုက်တဲ့ကောင်ကြီး ....
လုံဟောင်ချန်းမှာ သားရဲကြီး၏ မျိုးစိတ်ကို ချက်ချင်း မှတ်မိသွားသည်။
'သတ္တမအဆင့် မှော်သားရဲ .... နဂါးသိမ်းငှက်'
နဂါးသိမ်းငှက်သည် အလင်းဓာတ်အထူးပြု လေသားရဲတစ်ကောင်ဖြစ်သည်။ ၎င်းတို့၏ အတိုက်အခိုက်စွမ်းရည်ကို တိုးမြှင့်ပေးနိုင်သော စွမ်းအားကြောင့် သူရဲကောင်းများအတွက် အလင်းဓာတ်အထူးပြု စီးတော်သားရဲများမှာ အဖိုးတန်ဆုံး ဖြစ်၏။
နဂါးသိမ်းငှက်၏ ကျောပေါ်မှ လူနှစ်ယောက် ခုန်ဆင်းလာသည်။ တစ်ဦးမှာ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဖြစ်၍ ကျန်တစ်ဦးမှာ လူငယ်လေးတစ်ယောက် ဖြစ်၏။ သူတို့သည် ငှက်ကြီး၏ ကျောပေါ်မှ ခုန်ဆင်းလာကာစဖြစ်၍ လုံဟောင်ချန်းကို မမြင်ကြသေးပေ။
" အိုး .... ကြည့်စမ်းပါဦး။ ဘယ်သူများလဲလို့ ... အစ်ကိုကြီးယဲ့ဟွာ ဖြစ်နေတာပဲ။ မတွေ့တာ ကြာပြီ "
ယဲ့ဟွာကို မြင်ကြသော် ထိုသူနှစ်ဦးမှာ အစပိုင်းတွင် အံ့အားသင့်သွားကြပုံရသော်လည်း လျင်လျင်မြန်မြန်ပင် အပြုံးကိုယ်စီ ဆင်မြန်းလိုက်ကြသည်။
YOU ARE READING
ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်
Fantasyမူရင်းဝတ္ထုစီးရီး - Shen Yin Wangzuo (Throne of Seal) မူရင်းရေးသားသူ - Tang Jia San Shao ဝတ္ထုစီးရီး - ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင် ဘာသာပြန်ဆိုရေးသားသူ - Win Min Khant