Rewrite the stars

1.2K 142 9
                                    

" အာ့ .. တောင်းပန်ပါတယ် " 

မနိုင်မနင်းနှင့် ဖိုင်တွဲတွေ အများကြီးကိုင်လာသော ဝန်ထမ်းကောင်လေးတစ်ယောက်သည် ဓာတ်လှေကားထဲသို့ အမြန် တိုးဝင်လာပြီး မမြင်မစမ်းနှင့် ဟန်ဘင်း၏ ဖိနပ်ထိပ်ကို ဖိနင်းသွားသည် ။ ထို့အတူ ဗလုံးဗထွေး တောင်းပန်စကား တစ်ခွန်း ရေရွတ်လေ၏ ။ 

သူ လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ပေးမိတော့ ထိုဝန်ထမ်းလေးက အထဲသို့ ပိုတိုးဝင်လာသည် ။ ဖိုင်တွဲတွေထည့်ထားသော ကတ်ထူပုံးတစ်ပုံးအပြင် အောက်တွင် အရွယ်အစားတူ စက္ကူပုံးတစ်ပုံးကို ဆင့်ကိုင်ထားသေးသည် ။ ထို့ကြောင့် ထိုလူ၏ မျက်နှာကို သေချာ မမြင်ရချေ ။ ထိုလူသည်လည်း ဟန်ဘင်းကို မြင်ပုံမရပေ ။ 

" ကျွန်တော် တောင်းပန်ပါတယ်နော် ။ ၄ လွှာကို သွားချင်လို့ နံပါတ် နှိပ်ပေးပါအုံး " 

ဟန်ဘင်း နံပါတ် ၄ ကို နှိပ်ပေးလိုက်ပြီးနောက် သူတို့ နှစ်ယောက်လုံး ဓာတ်လှေကားတံခါး ပိတ်ရန် စောင့်ဆိုင်းနေစဉ်တွင် အခြားတစ်ဖက်၌ တန်းစီနေကြသော ဝန်ထမ်းများက သူတို့ ရှိရာသို့ ငေးမောကာ အချင်းချင်း တီးတိုးပြောနေကြသည် ။ သူ့ဘေးမှ လူကတော့ ထိုသူတို့အား မြင်ပုံလည်းမရ ၊ တစ်ကမ္ဘာလုံးနှင့် တစ်ယောက် သီးသန့် ဖြစ်ကာ သာသာယာယာပါပင် ။ 

" အလုပ်သင်ပဲလား " 

သိသာနေသော အကြောင်းအရာကို အတည်ပြုချင်စိတ်ကြောင့်သာ မေးမိခြင်းဖြစ်သည် ။

အမှန်ဆို ဤဓာတ်လှေကားသည် ဥက္ကဌကြီးနှင့် အတွင်းရေးမှူး အပြင် ၊ သက်ဆိုင်ရာ လူများအတွက်သာ အရေးပေါ် စီးနင်းနိုင်ရန် သီးသန့်တည်ဆောက်ထားခြင်းဖြစ်သည် ။ သတ်မှတ်ထားသော သူမှအပ ကတ်မပါလျှင်လည်း အထက်သို့ တက်မရပေ ။ 

ယခု၌မူ  ရုံးဆင်းချိန်နီးပြီဖြစ်သော်လည်း အလုပ်ရှုပ်နေသေးပုံရသော ဝန်ထမ်းတစ်ယောက်ကို ကူညီပေးရန် အလို့ငှာ ဟန်ဘင်း တမင်ပေးဝင်လိုက်ခြင်းဖြစ်ပါသည် ။ ထိုလူ  သူ့အား ခြေထောက်ကို လာနင်းမည်ဟုလည်း မထင်ထားခဲ့သလို နံပါတ်နှိပ်ခိုင်းမည်ဟုလည်း မထင်ထား၍ပေါ့ ။ 

BE REDWhere stories live. Discover now