My love mine all mine

1.4K 106 21
                                    

" ဒါဆို အခုအချိန်ကစပြီး အသက်ကို ဝဝရှူပါ ၊ မင်းရဲ့ စိတ်ထဲမှာ ဘာကိုမှ ချုပ်တည်းမထားဘဲ အသက်ရှူတဲ့ လုပ်ငန်းစဉ်မှာပဲ အာရုံစိုက်ထားပါ " 


လှဲလျောင်းနိုင်သော ကုလားထိုင်တစ်ခုပေါ်တွင် ဂယူဘင်း သက်သောင့်သက်သာ ရှိနေသည် ။ အိပ်ငွေ့ချ စိတ်ကုထုံး ကျွမ်းကျင်ပညာရှင် မစ္စတာ ဂျိုးဆက်၏ အသံကြောင့် အာရုံကို ပြန်လည်စုစည်းလိုက်သည် ။ 


" ရှူသွင်းလိုက်တဲ့ လေကို မင်း ခံစားမိတယ်မလား ။ အခုတော့ အဲ့လေကို ဖြည်းဖြည်းချင်း ပြန်လွှတ်ထုတ်ပါ ။ အဲ့ဒီ့ထဲမှာ မင်းရဲ့ စိတ်တင်းကျပ်မှုတွေ ၊ ပူပန်သောကတွေ ၊ စိတ်လှုပ်ရှားမှုတွေ အကုန်လုံး ပါလာခဲ့ပါပြီ " 


အိပ်ငွေ့ချခန်းတွင် ထွန်းထားသော ရေမွှေးဖယောင်းဆီ၏ မွှေးသော ရနံ့တစ်မျိုးက ဂယူ့နှာဖျားတွင် ကပ်ပါလာသည် ။ ယခုအခါ၌မူ သူ့စိတ်ထဲတွင် ကွက်လပ် ဖြစ်နေသော ဟင်းလင်းပြင်ကြီးတစ်ခုရှိနေခဲ့ပြီ ဖြစ်သည် ။ 


" နောက်ထပ်တစ်ခါ အသက်ကို ပြင်းပြင်းရှူသွင်းပါ ။ ရင်တွင်းရဲ့ အနက်ရှိုင်းဆုံး နေရာအထိရောက်အောင် အာရုံစိုက်ထားပါ " 


မိမိဘေးမှ မစ္စတာ ဂျိုးဆက်၏ အသံကို ကြားလိုက်သည့်နောက်တွင် မျက်လုံးမှိတ်ထားလျက် ထိုသူ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ရာမှ အိပ်ချင်စိတ်မျိုး ဖြစ်လာ၏ ။ 


" ဖြေလျော့လို့ရပါပြီ " 


သည်တစ်ခေါက် အသက်ရှူခြင်း လုပ်ငန်းစဉ်အပြီးတွင်တော့ ဂယူ့ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလာသည် ။ ခေါင်းထဲတွင်လည်း မည်သည့်အတွေးမှ မရှိ ။ အားလုံးကို ခဏတာ မေ့လျော့ထားသည် ။ 

ဤနေရာကို ရောက်လာရခြင်းရည်ရွယ်ချက်ကိုက မေ့လျော့နေသော အတိတ်ကို တစ်ကပြန်စ၍ ရှာဖွေနိုင်ရန် ဖြစ်သည်မို့ .. 


" မင်းရဲ့ ခန္ဓာကိုယ် ကြွက်သားတွေ ပြေလျော့လာပါပြီ ။ စိတ်ထဲမှာလည်း အချုပ်အနှောင်တွေ ကင်းရှင်းသွားပြီ ။ အခုအချိန်ကစပြီး မင်းရဲ့ စိတ်ဝိဉာဉ်ဟာ ဘယ်နေရာကိုမဆို သွားရောက်နိုင်တဲ့အထိ အဆင်သင့်ဖြစ်နေပြီ " 

BE REDWhere stories live. Discover now