အခန်းတွင်းမှ တန်ဖိုးကြီး ရှေးဟောင်းတိုင်ကပ်နာရီသည် မနက် ၇ နာရီ ၄၅ မိနစ်တိတိသို့ ညွှန်ပြလျက်ရှိသည် ။
ကုတင်ပေါ်၌ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကောင်ငယ်လေးကို မြင်တော့ မကြည်မလင်ဖြစ်နေသော သူ့ စိတ်အာရုံဟာ ချက်ချင်းပင် ကြည်လင်ချမ်းမြသွားရ၏ ။ စောင်အထပ်ထပ်နှင့် ရှုပ်ပွနေသည့် ကုတင်ကြီးနားသို့ တဖြည်းဖြည်း လျှောက်သွားရင်း မြင်လွှာတွင် နီးကပ်လာသော အနှီကောင်လေးကို သူ မျက်တောင်မခတ်တမ်း ငေးမိပြန်သည် ။
လူတစ်ယောက်ဟာ အိပ်နေလျက်တောင်မှ ထိုမျှ ချစ်စရာကောင်းရတတ်သလား ။ သူ့ စိတ်ထဲတွင် အသည်းတယားယားနှင့် ရေရွတ်မိသည် ။
မဟုတ်သေးပါ ။ များပြားလှသော ခေါင်းအုံးအသေးအမွှားကလေးများကို ဘေးနှစ်ဖက်တွင် ပြည့်နေအောင် ကာထားပြီး လက်တစ်ဖက်စီ မီတင်ထားကာ ခြေကားယား ၊ လက်ကားယား အိပ်ပျော်နေသူကို သူတစ်ယောက်သာ ထိုသို့ မြင်နေခြင်းလည်း ဖြစ်နိုင်သည် ။
သည်လိုသာဆို သူ့ ရောဂါဟာ နောက်ဆုံးအဆင့် ။ ယခုလည်းပဲ သူနှုတ်ခမ်းတွေမှာ ပြုံးဖန်များ၍ ပါးချိုင့်အရာထင်နေတော့မည်လားပင်မသိ ။ လက်ညှိုးတွင် ချိတ်ထားသော ကားသော့ကိုတောင် ဘောင်းဘီအိတ်ကပ်ထဲထည့်၍ လက်ပိုက်ကာ ထိုကောင်လေးကို တမေ့တမော ငေးကြည့်မိပြန်သည် ။
တမေ့တမော အိပ်ပျော်နေသူမှာတော့ ပါးနှစ်ဖက်ဟာ ဖောင်းအစ်စပြုလို့နေပြီ ။ သို့ပေသည့် ပြေပြစ်ခိုင်မာသော မေးရိုးများကတော့ အထင်းသား တည်တံ့နေဆဲ ဖြစ်သည် ။
သဘာဝအတိုင်း သွေးရောင်စိုနေသည့် နှုတ်ခမ်းသား နီထွေးထွေးတို့မှာလည်း ခပ်စုစုကလေးရှိနေသည်မို့ ရုတ်တရက် ထိုနေရာမှ အကြည့်မခွာနိုင်တော့သော သူ့မျက်လုံးတို့သည် အန္တရာယ်တွင်းထဲ အလိုလို ခုန်ဆင်းချင်သော ငမိုက်သားကလေးများအလား ၊ နှလုံးသားကို ခဏတာ အသက်ရှူမှားစေသည် ။
လက်ပိုက်ထားသည်ကို ဖြေလျော့၍ ကုတင်နားသို့ ခြေတစ်လှမ်းထပ်တိုးမိသည် ။ မိမိ၏ စိတ်ကို မိမိကိုယ်တိုင် ထိန်းရမည် ဖြစ်ပေမဲ့ သည်နေ့တော့ အဲသည်လို လုပ်ဖို့ စိတ်မပါသေးသည်မှာ အမှန် ။
YOU ARE READING
BE RED
FanfictionSung Han Bin Kim Gyuvin Han Yujin Arranged by Dalkomhan_shots Start : Aug 1, 2023 Published date : Aug 1, 2023 End :