" အသက် ၄၉ နှစ် အရွယ် ၊ အမျိုးသမီး လူနာ အီဟွာယောင်း .. "
မေမေ့ နာမည်ကို ရေရွတ်နေသော သူနာပြုဆရာမလေး၏ အသံလားရာနေရာသို့ သူ တည့်မတ်စွာ လျှောက်လာမိသည် ။ အရေးပေါ်ဌာန ဖြစ်သဖြင့် ဆေးရုံ၏ အဆူညံဆုံးအပိုင်းကို ရောက်နေသည်ဟု ဆိုရပေမည် ။ သူ့အား မည်သူမှ ဂရုမစိုက်နိုင် ၊ အားလုံးက အလျင်လိုနေလျက်ပင် ။
တဖြည်းဖြည်းလျှောက်လာရင်း မတော်တဆမှုကြောင့် မီးလောင်ဒဏ်ရာဖြင့်ရောက်လာသော လူနာများ၏ အော်ဟစ်ညည်းညူသံများကို ဆက်တိုက်ကြားရသည် ။ စိတ်ချမ်းမြေ့ဖွယ်ရာ မြင်ကွင်း မဟုတ်သဖြင့် ဟန်ဘင်းရင်ထဲ ထိတ်လန့်လာသည် ။
စက်ကရိယာပေါင်းစုံတို့၏ အသံများလည်း တညံညံ မြည်နေကာ ရုတ်ရုတ်သဲသဲ ဖြစ်နေသော ဆရာဝန်များ ၊ အသက်အန္တရာယ်နီးနေသော လူနာများနှင့်သာ ခန်းလုံးကျွတ်ပြည့်နေခဲ့သည် ။
" တနင်္ဂနွေနေ့ ၊ ညနေ ၆ နာရီ ၂၈ မိနစ်မှာ ကွယ်လွန်သွားပါတယ် "
" ဆရာကတော်ရယ် .. "
ဟန်ဘင်း၏ မျက်စိရှေ့၌ပင် ဆရာဝန်များက မေမေ့ပါးစပ်တွင်တပ်ထားသော အောက်ဆီဂျင်ပြွန်ပိုက်ကို ဖြုတ်လိုက်သည် ။ မေမေ့ ကုတင်ဘေးမှ စက်ကြီးတွင် လိုင်းတိုင်းက တပြေးညီတည်းတန်း နေတော့သည် ။ ထိုမျဉ်းကြောင်းတွေက နှလုံးခုန်နှုန်းတွေမဟုတ်လား ။ ဒါဆို မေမေက နှလုံးမခုန်တော့သည့် သဘောလား ။
" သခင်လေး "
အဒေါ်ကြီးက သူ့ကို မြင်သည်နှင့် မျက်ရည်စက်လက် လှမ်းခေါ်လာသည် ။ ဟန်ဘင်း သူမကို မြင်နေဟန်တောင် မပြမိ ။ ကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲနေသည့် မေမေ့ကိုသာ ပြူးကြောင်ကြောင် ငေးမိရင်း သူမ အနားသို့ တိုးသွားမိသည် ။
ဆရာဝန်တွေက စိတ်မကောင်းစွာ ဘေးထွက်သွားကြရင်း သူတို့ ဘေးတွင် သူနာပြုဆရာမလေးတစ်ဦးသာ ကျန်တော့သည် ။ ထိုဆရာမလေးသည်လည်း မေမေ့ လက်တွင် တွယ်ချိတ်ထားသော ပိုက်တန်းများကို လာဖြုတ်ပေးနေခြင်းပင် ။
အပေါ်ပိုင်း ဝတ်လစ်စလစ် နီးပါး ဖြစ်နေသော မေမေ့ ရင်ဘတ်ပေါ်မှ ပိုက်များကိုလည်း ဖြုတ်လိုက်ပြီးနောက် အဒေါ်ကြီးက မျက်ရည်လည်ရွှဲနှင့်ပင် အင်္ကျီ ကြယ်သီးပြန်တပ်ပေးနေသည် ။

YOU ARE READING
BE RED
FanfictionSung Han Bin Kim Gyuvin Han Yujin Arranged by Dalkomhan_shots Start : Aug 1, 2023 Published date : Aug 1, 2023 End :