Paper Cuts

1.1K 129 17
                                    

တီ !!

ခြံရှေ့မှ ကားဟွန်းတီးလိုက်သောအခါ အထဲမှ အိမ်တော်ထိန်းဂျွန်တစ်ယောက် အလန့်တကြား ပြေးထွက်လာသည် ။

ဟန်ဘင်းကို မြင်တော့ ဦးဂျွန်က ထူးဆန်းနေဟန် ရှိ၏ ။ သူ ရောက်လာချိန်က လာလေ့မရှိသော မနက် ၁၀ နာရီ ဝန်းကျင် ဖြစ်နေသည်ကိုး ။

" မနက်က ဂယူလေးကို ဦးကိုယ်တိုင်ပဲ ကျောင်းလိုက်ပို့ပေးလိုက်တာ ဟန်ဘင်း ၊ ဦးက မင်း မအားဘူး ထင်လို့ပါ "

" အခုက ကျွန်တော် ဂယူ့ဆီ လာတာမဟုတ်ပါဘူး .. အိမ်ထဲ ခဏ ဝင်လို့ရမလား ဦး "

" ရတာပေါ့ ဟန်ဘင်းရဲ့ ။ လာလေ .. ဦး ခြံတံခါး ထပ်ဖွင့်ပေးမယ် "

ခြံထဲတွင် အဆင်ပြေသလို ကားရပ်လိုက်ပြီးနောက် သူ့နောက်သို့ ကြောင်အမ်းအမ်းဖြစ်ကာ တကောက်ကောက်လိုက်နေသော ဦးဂျွန်အား တစ်ချက် အကဲခတ်လိုက်သည် ။

အိမ်တော်ထိန်းဂျွန်ဟာ ဥက္ကဌကြီး အိမ်ထောင်ကျပြီး ဂယူ့ အဖေ ကလေးဘဝကတည်းက သည်အိမ်ကြီးမှာ အတူနေထိုင်လာခဲ့သူရယ်မို့ ဂယူ့ မိဘတွေ အကြောင်းနှင့် ပတ်သက်ပြီး အားလုံးထက် ပို သိနိုင်မည့်သူဟု ဟန်ဘင်း ယုံသည် ။ မိမိ တစ်ယောက်တည်းအားနှင့် တတ်အားသ၍ စုံစမ်းသော်လည်း သိုဝှက်တတ်သော KIN group ဥက္ကဌကြီးတို့ မိသားစုအကြောင်းသည် သူတို့ ချပြသလောက်မှလွဲ၍ တော်ရုံ သိရဖို့ မလွယ်ကူသော ကိစ္စဖြစ်သည် ။

သို့ဖြစ်၍ ဟန်ဘင်း၏ နောက်ဆုံး ဘူတာသည် အိမ်တော်ထိန်း ဂျွန် ဆီသို့သာ ဆိုက်ရောက်ခဲ့ချေပြီ ။

" ဂယူ အဆင်ပြေရဲ့လား .. မနေ့ညက ကျွန်တော် ပြန်လိုက်မပို့နိုင်ခဲ့ဘူး "

" ဂယူလေး ညက တော်တော်နောက်ကျမှ ပြန်ရောက်တယ် ။ ဒါပေမဲ့ ပြန်လာတာနဲ့ သူ့အခန်းထဲ တန်းဝင်သွားတာပဲ .. ဦး အပြင်ကနေ ချော့မေးတာတောင် မရဘူး ၊ မနက်ရောက်တော့လည်း ကျောင်းကို အစောကြီး သွားတယ် .. ညက မင်းတို့ လူငယ်ချင်း ကတောက်ကဆများ ဖြစ်ခဲ့ကြတာလား ဟန်ဘင်း "

အမြဲတမ်း ပျော်ရွှင်တက်ကြွနေတတ်သော ကောင်လေးက ဟန်ယူဂျင်းကြောင့်နှင့် သည်လို ဖြစ်နေရသည်ကို ကြားရတော့ ဟန်ဘင်းမှာ ရင်မောရပြန်သည် ။ သို့ပေမဲ့ ဦးလေးဂျွန်၏ ရှေ့တွင် သူနှင့် ဂယူ အချင်းများထားသလိုသာ ဟန်ဆောင်ရှင်းပြထားမှ ဖြစ်လိမ့်မည် ။ သည်အကြောင်းတွေကို ဦးလေးဂျွန် သိသွားခါမှ ကိစ္စတွေ ပိုမို ရှုပ်ထွေးသွားမည်ကို မလိုလားချေ ။

BE REDWhere stories live. Discover now