Lovelorn

1.2K 164 18
                                    

တစ်ပတ်ခန့်ကြာသော် ..

* ကိုယ့်အတန်းက နောက် နာရီဝက်မှ ပြီးမှာဆိုတော့ ခဏစောင့်ပေးနော် ဂယူ .. အတူတူပြန်ကြမယ်လေ ။ ဒီနေ့ ညနေပိုင်းအချိန် မရှိတော့ဘူးမလား ၊ ကိုယ် မင်းကို ပါစတာ ချက်ကျွေးမယ် *

လက်ချာဟောခန်း၏ နောက်ဆုံးခုံတန်းမှာ ထိုင်ရင်း ကိုကိုပို့လာသော မတ်ဆေ့ချ်ကို ခိုးဖတ်ကာ ဂယူ သက်ပြင်းချမိသည် ။ အတန်းချိန်က ပြီးတော့မှာမလို့ စိတ်လည်း မပါတော့ပေ ။ ခုံပေါ်သို့ တံတောင်ဖြင့် ထောက်ကာ လက်ချောင်းထိပ်များက နဖူးကို ထိထားလျက် စဉ်းစားနေမိသည် ။

မည်သို့ စာပြန်ပို့သင့်သလဲ ၊ မပို့ဘဲ ဖတ်ပြီးရုံသာ ထားလိုက်ရမလား ။ အီမိုဂျီလောက်သာ ပြန်ပို့ရမလားဟု အကျပ်ရိုက်နေသည် ။

အမှန်တော့ သည်ရက်ပိုင်း ကိုကို သူ့နားမှ လုံးဝ မခွာဘဲ မနက် ၊ နေ့လယ် ၊ ညနေ အချိန်အားလုံးကို ဂယူ့ထံ ပုံအောပေးထားသည် ။ မနက် အိပ်ရာနိုးကာ ကျောင်းသွားချိန်မှ စလို့ ကိုယ်တိုင် လိုက်ပို့တတ်ပြီး မာစတာတန်းအတွက် နေ့စဉ်အတန်းတက်စရာမလိုသည့်တိုင် သူနှင့်အတူ ကျောင်းသို့ လိုက်လာသည် ။

သူ အတန်းတက်လျှင် ကိုကိုကမူ အဆောင်အပြင်ထိုင်ခုံများ ၊ ကာဖေးများတွင် လက်တော့တစ်လုံးနှင့် အလုပ်လုပ်သည် ၊ စာလုပ်သည် ၊ စာအုပ်ဖတ်သည် ။ အဲသည်လို အချိန်ကုန်ရင်း ဂယူ့ကို စောင့်တတ်သည် ။

အမေဖြစ်သူ၏ ဈာပနာအပြီးတွင် ကိုကို့အဖေက အလုပ်နားခွင့် နှစ်ပတ်ပေးထားသဖြင့် ကိုကို့ တာဝန်အသစ်ဟာ ဂယူ့ကို ကျောင်းပို့ဖို့ ၊ ကျောင်းကြိုဖို့နှင့် အတန်းမပြီးမချင်း လိုက်စောင့်ဖို့သာဖြစ်နေသည် ။ အတန်းဆင်းချိန်တွင်လည်း ဂယူ့အိမ်သို့ လိုက်ပါလာတတ်ပြီး စာကူလုပ်ပေးတတ်သည် ။ အိပ်ချိန် ရောက်ခါနီးမှသာ အိမ်ပြန်တတ်သည် ။

အခုရက်ပိုင်းဆိုလျှင် အိမ်တော်ထိန်းဂျွန်၏ ကောင်းမှုကြောင့် သူ မနိုးခင်မှာပင် ကိုကိုက အိမ်သို့ ရောက်နေတတ်သည် ။ ဦးဂျွန်က ကိုကို့ကို မနက်စာအတူလာစားဖို့ ခေါ်ထားသည်လေ ။ အဲသည်ဦးဂျွန်ကြီးက ကိုကို သူတို့ အိမ်မှာ နေမည်ဆိုလျှင်တောင် အခန်းတစ်ခန်းစီစဉ်ပေးဖို့ ဝန်မလေးမည့် သူမျိုးပါပင် ။

BE REDWhere stories live. Discover now