မနှစ်ကအထိ ဆောင်းရာသီရဲ့အအေးဒဏ်ကို အံတုရင်း ဖူးစာရှင်ထွက်ရှာခဲ့ရတဲ့ ကြောင်ဖြူလေးဟာ အခုနှစ်ဆောင်းရာသီမှာတော့ ညစဉ်ညတိုင်း ချစ်သူကောင်လေးရင်ခွင်ထဲမှာ အနွေးဓာတ်အပြည့်နဲ့ အိပ်စက်အနားယူနေပါပြီ။
အချစ်ငှက်လေးတွေဟာ ဒီညတော့ ဧည့်ခန်းထဲမှာထိုင်ရင်း ခုတလောနာမည်ကြီးနေတဲ့ ဇာတ်ကားကို ထိုင်ကြည့်နေကြတယ်။ Jiwoong က ဆိုဖာပေါ်တင်ပျဉ်ခွေထိုင်နေပြီး ကြောင်ဖြူလေးကို သူ့ပေါင်ပေါ်ခွေစေကာ အမွှေးလေးတွေကိုပွတ်သပ်ပေးနေခဲ့တယ်။ ဇာတ်ကားကြည့်လိုက် ဇာတ်လမ်းကိုဆွေးနွေးလိုက်နဲ့အပေးအယူတည့်ပြီး အိုခေစိုပြေနေကြတာပါ။
"အဖျက်တွေဝင်ပေမဲ့လည်း နောက်ဆုံး မင်းသားနဲ့ မင်းသမီးက ညားသွားတာပဲနော်"
ဟုတ်တယ်မလားဆိုတဲ့ လေသံမျိုးနဲ့ မေးလာတဲ့ ကြောင်ဆိုးလေးကြောင့် မျက်နှာသေးသေးလေးကို သူ့လက်ဖဝါးနှစ်ဖက်ကြားညှပ်ရင်း အသည်းယားသလို အသာလှုပ်ရမ်းလိုက်တော့ အော်သံနဲ့အတူ လက်သည်းအချွန်လေးကို ထုတ်ပြလာပေမဲ့ မကုပ်ပါဘူး။
ကြောင်ဆိုးလေးက Jiwoong ကို တစ်ခါကုပ်ပြီးထဲက ထပ်မကုပ်တော့တာ။ အဲ့တုန်းက ခြစ်ရာထင်ပြီး သွေးနည်းနည်းလောက်ဆို့တာကိုတောင် သူ့မှာတကြည့်ကြည့်နဲ့ စိတ်မကောင်းဖြစ်နေရှာတာ။ လက်ကိုဖယ်ပေးလိုက်တော့ သူ့သွားလေးနဲ့ Jiwoong လက်ဖဝါးကိုလိုက်ကိုက်ရင်း မကျေနပ်ကြောင်းတော့ပြလာတယ်။
"ကြောင်ဆိုးလေးကလည်း ကိုယ်ကအသည်းယားလို့ကို.."
ရယ်သံတစ်ဝက်နဲ့ Jiwoong ပြောလိုက်တော့ လိုက်ကိုက်တာကိုရပ်သွားတယ်။ ကြောင်လက်ပိစိလေး နှစ်ဖက်ကိုဆွဲပြီး မတ်တပ်ရပ်စေကာ သူ့ပခုံးပေါ်လက်တင်လိုက်ရင်း မှီထားစေလိုက်တယ်။ ဇာတ်ကားကပြီးသွားပြီဆိုတော့ အိပ်ဖို့ပြင်ရမယ်လေ။
"အေးတယ်မလား သွားအိပ်ကြမယ်"
Jiwoong ကြောင်လေးရဲ့ကိုယ်လုံးလေးကိုပွေ့ဖက်လိုက်ပြီး ခေါင်းငဲ့ကြည့်လိုက်တော့ သူ့အင်္ကျီကို လက်သည်းလေးတွေနဲ့ကုပ်ဆော့နေတယ်။ ဘာလို့ အဲ့လောက်အသည်းယားစရာကောင်းနေရတာလဲ။
