"မျက်ရှု... မျက်ရှုအသွင် "
အပေါ်ထပ်က မေမေ့ရဲ့အသံကိုကြားနေရသည်။ထမင်းဘူး ၃ဘူးကို အလျင်အမြန်အဖုံးပိတ်ရင်း အပေါ်ထပ်ခိုးကိုမော့ကြည့်ကာ အမြန်ထူးရသည်။
"ပြီးပြီ မေမေရေ"
ထိုချိန်မှာပင် ဘေးကနေ ဒယ်ပြားထဲက ပေါင်မုန့်ကြက်ဥကြော်များကို ပန်းကန်ပြားထဲ ကပျာကယာကော်ထည့်နေသော ညီမတော် မျက်ချယ်သည် မျက်ရှုကို သွားလေးဖြီးပြနေသည်။
"စားလို့တော့ရမှာပါနော် မမရှု"
"ငါ့ထမင်းဘူးကတော့ စားလို့ရစေရမယ်..အဟိ..အမြန်လက်စသတ်တော့.. ငါအရင်ရေချိုးလိုက်ဦးမယ်... "
မျက်ရှုသည် အမြန်ပြေးတက်ရင်း အခန်းထဲဝင်ရန် တံခါးကိုဆွဲဖွင့် လိုက်ပါသည်။ တံခါးအဖွင့်တွင် အခန်းပြင်သို့အမြန်ပြေးထွက်လာသော မမသွယ် နှင့် တိုက်မိတော့မလိုဖြစ်သွားရသည်။
"ဟဲ့ ပလုတ်တုတ်... ရှုရှု.. "
"ဟီး... မမသွယ် "
" ယူနီဖောင်း မီးပူတိုက်ပြီးပြီ... ခုငါအောက်ဆင်းပြီး ကော်ဖီဖျော်လိုက်မယ် "
" မျက်သွယ်... မျက်ချယ်ကို ရေအမြန်ချိုးဖို့အပေါ်တက်ခိုင်းလိုက်တော့... မေမေ အလုပ်ပြီးသွားပြီ... ကျန်တာ မေမေကြည့်လုပ်လိုက်မယ်... "
မျက်ရှုက ရေအမြန်ချိုးကာ ယူနီဖောင်းကို သပ်သပ်ရပ်ရပ်လေး ဝတ်ဆင်လိုက်သည် ။ ကျောင်းတံဆိပ်ပါသော ပိုလိုရှပ်အဖြူလေးကို အနက်ရောင်စတိုင်ပန်လေးနှင့် ယူနီဖောင်းသည် ထွေထွေထူးထူးပြင်ဆင်စရာမလိုဘဲ စတိုင်လ်ကျလှသည်။
ဂုတ်ဝဲလောက်ပဲရှိသော ဆံပင်ထူထူပျော့ပျော့လေးက သိပ်ဂရုတစိုက်လုပ်နေစရာမလိုလှပေ။ ခေါင်းဘီးလုံးလေးနှင့် တချက်နှစ်ချက်ဆွဲဖြီးလိုက်ရုံနှင့် ပုံကျသွားသည်သာ ။ မျက်နှာသွယ်သွယ်ချွန်ချွန်လေးနှင့် ရယ်လိုက်တိုင်းမှေးသွားသောမျက်လုံးလေးများက ၁၆ နှစ်ပြည့်ပြီးသော မိန်းကလေးဟု မယုံနိုင်လောက်အောင် ကလေးဆန်နေသည်။ မျက်နှာကို ဘေဘီခရင်မ်လေးလူးကာ သနပ်ခါးရေကျဲပွတ်ထားရုံနှင့် ဝင်းမွတ်ကာ တနေကုန်အဆီမပြန်တတ်သည်မှာ မျက်ရှု၏ အားသာချက်ပါပေ။ ကျောပိုးအိတ်ထဲကို မျက်စိရှေ့ရှိနေသည့် စာအုပ်တွေနှင့်စာရေးကိရိယာများကို ပစ်ထည့်ပြီးမှာတော့ မျက်ရှုသည် ကျောင်းသွားရန်အဆင်သင့်ဖြစ်သွားပါသည်။
YOU ARE READING
You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ်
Romanceငါက မရဘူး ငါချစ်တဲ့မိသားစု ငါ့ညီ ငါချစ်တဲ့သူငယ်ချင်းတွေဆို စိတ်ထဲအမြဲထည့်ထားမိတာ... အကောင်းဆုံးဖြစ်စေချင်တာ... အဆင်ပြေစေချင်တာ.. အချစ်ဆိုတာကိုမေ့နေခဲ့တဲ့အထိပဲ... (ရဲဇင်ယော်မြင့်) အချစ်ဆိုတာ ဘာကြီးလဲလို့မသိခင်ကို ကံဇာတ်ဆရာက ဒီဇာတ်လမ်းထဲ ဘယ်လို ထည့်ပ...