Part18(Zawgyi)

525 7 2
                                    

တလက်လက်တောက်ပနေသော ပုလဲလုံးလေးများ ကျောက်မျက်များ၏ ရောင်စုံကွန့်မြူးနေမှုသည် မျက်ရှု၏ မျက်ဝန်းလေးများကို မမီပါ ။
ဝတ်စုံဖြစ်ခါနီး တွဲချုပ်ထားပြီဖြစ်သောပိတ်စလေးများကို စိတ်ပါဝင်စားစွာ ကြည့်နေသော မာယာပရိယာယ်ကင်းစင်လှသည့် မျက်ရှု၏ မျက်နှာလေးကို ဒီဇိုင်နာထက်မြက်ချိုက နှစ်လိုသဘောကျစွာ ကြည့်နေခဲ့ပါသည်။

"ဒီတခေါက် ထိုးရမှာ ဒါလေးလား... လှလိုက်တာ မထက်ရယ်... "

ခဲနုရောင် ဘရိုကိတ်လိုပိတ်သားလေးမှာ ပုလဲနှင့်စိန်ပွင့်လိုစီးကွင့်လေးများ၊ရောင်စုံကျောက်မျက်လေးများနှင့်အတူ ထိုးဖို့ပက်တန်ကိုပါ ပြပေးလာလျှင် မျက်ရှုက သဘောကျစိတ်ဖြင့် ပြောလိုက်ပါသည်။ ဝတ်တဲ့လူက တကယ့်သူဌေးသမီး ပဲနေမည်။ နုနုရွရွလေးနှင့် အသေးစိတ် ထမီတထည်လုံးထိုးရမည်ဆိုတော့ မျက်ရှုရမည့်လက်ခတင်မနည်းပါပေ။

"ခရစ်စတယ်လ်လေးတွေက မိုးကုတ်ကကျောက်အစစ်တွေ.. ပုလဲတွေလဲ မွေးပုလဲအစစ်တွေတဲ့...အဲ့ဒါကိုမှ Swarovski crystal တွေနဲ့ရံပြီးဒီလိုထိုးမှာ...မိုးကုတ်ကျောက်ကိုအထုတ်လိုက်အပ်သွားတာ... တော်ရုံလူကို ထိုးဖို့မအပ်ရဲဘူး... မျက်ရှုလေးရဲ့ အရည်အချင်းနဲ့အကျင့်ကိုသိလို့သာ အပ်တာ..သိလား .."

မျက်ရှုကို မထက်က ပုံလေးတွေပြပြီး ဘယ်နေရာမှာ ဘာကျောက်ထည့်မည် ဘယ်လိုထိုးနည်းသုံးမည်ကို အသေးစိတ်ပြောပြနေခြင်းဖြစ်သည်။ တက်သစ်စထဲက နာမည်ရလာသည့်ဒီဇိုင်နာတစ်ယောက်ဖြစ်သော မထက်သည် ခုထိစီကွင့်ထိုးသမား ကောင်းကောင်းတယောက်ရှာမတွေ့သေးပါပေ။ ရှိတော့ရှိပေသိ ပညာကြေးထိုးခမြင့်ကြသည် ပြီးတော့ အပ်ထည်များအပြည့်ဖြစ်နေကြသဖြင့် ဂျူနီယာမျက်သွယ်ကို အကူအညီတောင်းရင်း မျက်သွယ်၏ညီမ မျက်ရှု နှင့်ဆုံခဲ့ခြင်းဖြစ်သည်။

"ဟင် မျက်ရှု တာဝန်ပိုကြီးတာပေါ့... "

"အင်း အဲ့လိုဖြစ်သွားတာပေါ့... မျက်ရှု ပညာကြေးစိတ်ကြိုက်တောင်းလေ... "

"မျက်ရှုကအဲ့လိုဆိုလိုတာမဟုတ်ပါဘူး..မထက်ရဲ့... ထိုးတာက ထိုးမှာပါ... ပစ္စည်းတွေက တန်ဖိုးကြီးလို့ အကုန်အိမ်မသယ်သွားဘဲ နေ့တဝက်ထိုးဖို့လောက်ယူပြီး အိမ်ပြန်ထိုး ပြီးရင် ပစ္စည်းကုန်ရင် ပြန်လာယူ အဲ့လိုလုပ်မယ်လေ...အမဆီအပ်ထားမယ့်သဘောပါ..နောက်ဆုံးပိတ်မှ အရမ်းတန်ဖိုးကြီးတဲ့ မိုးကုတ်ကျောက်တွေထိုးမယ် ထိုးတဲ့အချိန်တော့ အမဆိုင်မှာပဲ လာထိုးမယ်နော် "

You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ် Where stories live. Discover now