"လာ နေ့လည်စာ အဆင်သင့်ဖြစ်ပြီ.. စားလို့ရပြီ သားလေး "
ဟင်းပွဲခန့်ခန့်ငြားငြားတွေကမှ ဟင်းမဟုတ်.. အငွေ့တထောင်းထောင်းထနေသော ငါးကြင်းခေါင်းနှင့် မုန်လာဥချဥ်ရေဟင်း ပန်းကန်လုံးကြီးက သူ့ကိုဆွဲဆောင်နေသည် ။ ကြက်ရိုးအာလူးဆီလည်ရေလည်ချက် ၊ ငပိထောင်း တို့စရာအစုံ ၊ မြင်းခွာရွက်ကိုခရမ်းချဥ်သီးပါလေကာသုတ် ၊ ဟင်းနုနယ်ကြော် ငနီတူခြောက်အစပ်ကြော် ဖြင့် ဖွယ်ဖွယ်ရာရာဖြစ်နေသော ထမင်းစားပွဲ မှာ လင်းယုန်ထိုင်ကြည့်နေရင်း သဘောကျမိပါသည်။ အန်တီယဥ်နှင့် သမီး၃ယောက်သည် ထမင်းစားပွဲကိုဇယ်ဆက်နေအောင်ပြင်ဆင်ပြီး နောက်ဆုံးမှာတော့ ထမင်းစားရန် အဆင်သင့်ဖြစ်သွားရသည်။
"ကြက်ရိုးချက်ဆိုပေမယ့် ကြက်သားတော့ပါပါသေးတယ် ..ဟ ဟ... ရော့ ..ထည့်စား "
မမသွယ်က ရယ်ရွှန်းပတ်ရွှန်းနှင့် လင်းယုန်ပန်းကန်ထဲကို ကြက်သားဖတ်လေးများ ရွေးရင်း ထမင်းပန်းကန်ထဲ ထည့်ပေးလိုက်သည်။
"စားနော်.. ကိုကြီးလင်းယုန် နိုင်ငံခြားရောက်သွားရင် ဒါမျိုးတွေစားချင်လို့တောင်မစားရတော့ဘူး"
မျက်ချယ်လေးနှင့်လဲ ရင်းနှီးနေပြီဖြစ်သဖြင့် စလိုက်နောက်လိုက်နှင့်ပျော်စရာကောင်းနေသည်။ အမေနှင့်မမသွယ်က လင်းယုန်၏စိတ်ကို ရိပ်မိသော်ငြား စိတ်မာ၍ပါးနပ်သော မျက်ရှုအတွက် မစိုးရိမ်ကြပါ ။ မျက်ရှုပြောထားသဖြင့် လင်းယုန်၏ခံစားချက်များကိုနားလည်ပေးကြပြီး ဘာမှမဖြစ်သလို ရင်းနှီးနွေးထွေးစွာ ဖော်ရွေကြပါသည်။
"သား တလလောက် ဒီကိုလာဖြစ်မှာမဟုတ်ဘူး အန်တီ "
"အေး... မျက်ရှုပြောတယ် သားရဲ့... လင်းယုန် စာမေးပွဲ ဖြေရတော့မယ် ဆိုလား... ကြိုးစားနော်သား... စာမေးပွဲပြီးမှ လာလည်ပေါ့... အန်တီ့လက်ရာလွမ်းရင် ခုအဝစားသွား "
"ဟုတ် အန်တီ... "
ဖခင်က တသက်လုံးစာအုပ်တွေနဲ့ပဲလုံးပန်းနေသူ ၊ မိခင်ကျပြန်တော့ ဒုတိယအိမ်ထောင် ၊ သူ့အိမ်နှင့် သွေးမတော်စပ်သော သွေးသားတော်စပ်သော မိသားစုဝင်များကြားက ဆက်နွယ်မှုများ.... ထိုကလေးရင်ဖွင့်ထားသည်များကို မျက်ရှုက အရိပ်အမြွက်ပြောပြထားသဖြင့် ဒေါ်ယဥ်မင်းခင်က ထိုကလေးလေး ကို သနားချစ်ခင်ကာ ဂရုဏာသက်မိပါသည်။ ထိုကလေးကို သူ့မိခင်က ဘယ်လိုမျှော်လင့်ထားမည် ဆိုသည်ကိုလည်း ခန့်မှန်းမိသည်။ ထို့ပြင် ထိုကလေးရင်ဆိုင်ရသည့်ဖိအားကြောင့် ပိုပြီးအသနားပိုရခြင်းဖြစ်သည်။
YOU ARE READING
You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ်
Romanceငါက မရဘူး ငါချစ်တဲ့မိသားစု ငါ့ညီ ငါချစ်တဲ့သူငယ်ချင်းတွေဆို စိတ်ထဲအမြဲထည့်ထားမိတာ... အကောင်းဆုံးဖြစ်စေချင်တာ... အဆင်ပြေစေချင်တာ.. အချစ်ဆိုတာကိုမေ့နေခဲ့တဲ့အထိပဲ... (ရဲဇင်ယော်မြင့်) အချစ်ဆိုတာ ဘာကြီးလဲလို့မသိခင်ကို ကံဇာတ်ဆရာက ဒီဇာတ်လမ်းထဲ ဘယ်လို ထည့်ပ...