Part23(Zawgyi)

806 12 3
                                    

ကြည်ပြာဝေလွင်သော ကောင်းကင်ကြီးမှာ တိမ်လိပ်ဖြူအဆုပ်ဆုပ်တို့က အလှဆင်ထားသလိုပင် ။ နေရောင်ခြည်က လင်းလက်ထိန်သာနေသလို လေနုအေးလေးတွေက တိုတ်ခတ်နေပါသည် ။ မျက်ရှုအသွင်သည် Zinyaw Group ဟူသော အထပ်များစွာနှင့်မြင့်မားလှသည့် ရုံးအဆောက်အဦးကြီးကို မော့ကြည့်လိုက်မိသည်။

ဤအဆောက်အဦးကို Training ကာလအတွင်း သူမအခေါက်ခေါက်အခါခါ ရောက်ဖူးခဲ့သော်လည်း ဒီနေ့ကတော့ သူမအတွက် မင်္ဂလာရှိသောနေ့တနေ့အဖြစ် တက်ကြွစွာ ခြေလှမ်းချခဲ့ခြင်းဖြစ်ပါသည်။ Zinyaw ၏ တရားဝင်ဝန်ထမ်းအဖြစ် HR ဌာနတွင် ပြီးခဲ့သည့် သောကြာနေ့ညနေက လက်မှတ်ရေးထိုးခဲ့ပြီး ယနေ့တွင်တော့ CEO ၏ PA အဖြစ် ရုံးတက်ခဲ့ရပြီဖြစ်သည်။

ရုံးအဆောက်အဦး၏ရှေ့တွင်လည်း ဇင်ယော်ငှက်များပျံသန်းနေသည့်ပန်းပု ရေပန်း ၊ ပန်းခြံတို့နှင့်အတူ ထည်ဝါစွာရှိနေသော Zinyaw Group၏ ရုံးသည် အတွင်းပိုင်းတွင်လည်း ဇင်ယော်ငှက်ပုံ ပန်းချီကားများ ပန်းပုများ နှင့် ထည်ဝါစွာ ပြင်ဆင်ထားသည်။ အဆောက်အဦး၏ ခမ်းနားမှုက ဤကမ်ပဏီသည် ဘယ်လောက်ထိ ဓနအင်အားကြွယ်ဝသလဲ ဘယ်လောက်ထိ သြဇာအာဏာနှင့်အစဉ်အလာကြီးမားသလဲ ဆိုသည်ကို လှစ်ပြနေသလိုပင်။

ရုံးအပေါ်ဆုံးထပ် CEO ရုံးခန်း သို့ရောက်လာခဲ့လျှင် မျက်ရှုထက်အသက်ကြီးမည်ထင်ရသော အကိုကြီး တယောက်က မျက်ရှုကို ပြုံးရွှင်စွာကြိုဆိုပါသည် ။

"မင်္ဂလာပါ ညီမ .. မျက်ရှုအသွင် ထင်တယ် ... ကျွန်တော့နာမည် စွမ်းထက်ပါ .. Operation , Admin အပိုင်းက staffပါ ... ဆရာရဲ က ခုနေ့တဝက် ဆိုက်တခုသွားပါတယ် ... သူမရှိချိန် ကမ်ပဏီရဲ့လည်ပတ်ပုံနဲ့ သူတနေ့တာလှုပ်ရှားလည်ပတ်မှုတွေကို အကြမ်းဖျဉ်းပြောပြပြီး မိတ်ဆက်ထားပေးပါဆိုလို့ပါ ... ဒါကတော့ ညီမရဲ့ ရုံးခန်းနဲ့အလုပ်စားပွဲပါ ... ဟိုဘက်က ဆရာရဲ ရဲ့ရုံးခန်း "

"ဆရာရဲ ..."

မျက်ရှုက တိုးတိုးဖွဖွလေးရေရွတ်ကြည့်လိုက်သည် ။ ကိုကြီးဟူသော နှုတ်ကျိုးနေသော နာမ်စားတခုသည် ခုချိန်မှစ၍ ပျက်ပြယ်ရတော့မည်ဟူသော အသိဖြင့် နှမြောတသဖြစ်သလိုခံစားရပါသည် ။

You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ် Where stories live. Discover now