Part(1)Uni+Zaw

11K 327 5
                                    

မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိသားစု တစ်ခုဟု ဆိုရသည်အထိ ချမ်းသာကြွယ်ဝမှုများနှင့် ပြည့်စုံသော "ခေတ်သစ်မြိုင်" စံအိမ်ကြီးထဲတွင် လူအများအပြားနှင့် ပြည့်နှက်နေသည်။

စံအိမ်၏ တစ်ဦးတည်းသော ကျန်ရစ်သည့် သမီးလေး၏ လက်ထက်မင်္ဂလာပွဲကိစ္စဖြင့် ဧည့်သည်ခေါ်လာကာ နိုင်ငံရပ်ခြားမှ ပြန်လာမည်ဆိုသည့် အကြောင်းကြားထား၍ ဖြစ်သည်။

စံအိမ်၏ အရှင်သခင်ဖြစ်သော ဒေါ်ခေတ်မင်းဂုဏ်ရှိန်သည် ခင်ပွန်းမရှိတော့သည့်အချိန်မှ စ၍ စံအိမ်အား အုပ်ချုပ်ခဲ့သည်။ သားနှင့် သမီးနှစ်ယောက်ရှိသော်လည်း သားအကြီးမှာ မြေးလေး (၇)နှစ်သား အရွယ်တွင် ဆုံးပါးသွားခဲ့သည်။ သားကြီးနှင့် သမီးငယ်လေးမှာ အသက်အလွန်ပင်ကွာခြားလှသည်ဖြစ်သည်။

"သခင်လေးပြန်လာနေပြီပြောတယ် တံခါးမကြီးကို ဖွင့်ထားပေးပါလို့ ပြောပေးပါ"

ဒေါ်ခေတ်မင်း ဧည့်ခန်းတွင် ထိုင်နေချိန် အိမ်မှ အလုပ်သမားများ၏ အော်ပြောသံကို ကြားလိုက်ရသည်။ အလုပ်သမားများ ပြောလဲ ပြောချင်စရာပင်ဖြစ်သည်။ မြေးလေးသည် ဒေါ်ခေတ်မင်းနှင့် ‌အဒေါ်ဖြစ်သူတို့ အလိုလိုက်မှုကြောင့် အိမ်တွင်တော့ ဆိုးသွမ်းသည်။ စိတ်ထဲမထင်ရင် မထင်သကဲ့သို့ အိမ်တံခါးကို ကားဖြင့် တိုက်တတ်သေးသည်။ မြေးလေး၏ အကျင့်တစ်ခုမှာ မည်မျှပင်စိတ်တိုနေသည်ဖြစ်စေ အပြင်မှ သူတစ်ပါးပိုင်ဆိုင်သည်များကို လုံးဝ မပျက်စီးစေဘဲ အိမ်ရှိပစ္စည်းများကိုတော့ စိတ်ကြိုက် ဖျက်စီးတတ်သည်။

ဒေါ်ခေတ်မင်းတို့အ‌နေဖြင့် သူတစ်ပါးပိုင်သည်များကို ဖျက်စီးသည်ထက် အိမ်ကပစ္စည်းများကို ဖျက်စီးသည်က တော်သေးသည်ဟူ၍ သတ်မှတ်ထားသဖြင့် မြေးလေးဘာလုပ်လုပ် အိမ်က အလုပ်သမားများက မပြောကြပေ။ မြေးလေးမှာ ပစ္စည်းများကိုသာ ဖျက်စီးတတ်ပြီး လူများကိုတော့ ထိခိုက်အောင် မည်သည့်အခါမျှ မလုပ်ပေ။

မြေးလေး ကားစမောင်းသည့်အချိန်မှ စ၍ ချိန်းလိုက်ရသည့် ခြံတံခါးဆိုသည်မှာ မရေတွက်နိုင်တော့ပေ။ တစ်ခါတစ်ရံ အလွန်ဒေါသထွက်သည့်အခါဆိုလျှင် အဝင်တံခါးသာမက အထွက်ဘက်က တံခါးကိုပါ သွားတိုက်တတ်သေးသည်။

Making Purple Home (Complete)Where stories live. Discover now