သဝဏ် ကလပ်မှာတွေ့ခဲ့သည့် မြင်ကွင်းကို ယခုအချိန်ထိ မျက်လုံးထဲမှ မထွက်ပေ။ ဓနကို တွေ့လိုက်သည့်အချိန်တိုင်း ထိုမြင်ကွင်းအားပြန်လည်မြင်လာ၍သဝဏ် တစ်ပတ်လုံး ဓနကိုရှောင်နေလိုက်သည်။ သဝဏ်အနေဖြင့် အရမ်းရှောင်ရန်ပင်မလိုအပ်ပေ။ ဓနက အခုရက်ပိုင်း အချိန်ပိုဆင်းနေရ၍ အိမ်ပြန်နောက်ကျတတ်သလို မနက်အစောထွက်သွားတတ်သည်။ သဝဏ် မနက်ပိုင်းတွင် ဓနသွားသည့်အခါမှ ထ၍ ညဆိုလျှင် ဓနပြန်မလာခင် အိပ်နေလိုက်သည်။
"သဝဏ် အိပ်နေပြီလား"
ဓန ယခုရက်ပိုင်း အိမ်ပြန်နောက်ကျသည်။ ဓန မွေးနေ့မရောက်ခင် သဝဏ်အတွက် လုပ်ပေးစရာရှိ၍ ဓနအချိန်ပိုဆင်းနေသည်။ ဓနအိမ်ပြန်လာသည့်အခါတွင် သဝဏ် အိပ်နေသည်ကများသည်။ ခါတိုင်း ဓနက သဝဏ်ကို လိုက်ပို့လေ့မရှိသော်လည်း အပြန်တော့ သွားကြိုဖြစ်သည်။ သဝဏ်က အရင်အပတ်မှ စ၍ ဓနလာကြိုသည်ကိုမစောင့်တော့ပေ။ ယနေ့ ဓနအိမ်သို့ ပုံမှန်အချိန်ထက် စောစောပြန်လာခဲ့လိုက်သည်။ သဝဏ်က ကိုယ့်အားတွေ့သည်နှင့် အခန်းထဲဝင်ကာ အိပ်နေသည်။
"သဝဏ်.. မအိပ်သေးရင် ကျွန်တော်ပြောစရာရှိလို့"
"....."
သဝဏ် ဓနကို ဘာမှ မပြောချင်၍ စကားပြန်မပြောဘဲ မျက်လုံးမှိတ်ကာအိပ်ချင်ယောင်ဆောင်နေလိုက်သည်။
"သဝဏ် ခဏလေး အိပ်ချင်ယောင်မဆောင်နဲ့တော့ ကျွန်တော်ပြောစရာရှိလို့"
သဝဏ်မျက်လုံးမှိတ်လို့ ဘယ်လိုမှနေလို့ မရတော့၍ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ဓနက သဝဏ်အိပ်နေသည့် ဘေးတွင် ဝင်ထိုင်ကာ သဝဏ်အား ငုံကြည့်နေသည်။
"ဘာပြောစရာရှိလို့လဲ အရေးကြီးလို့လား မကြီးရင်နောက်မှပြောလေ အိပ်ချင်နေပြီ"
"သဝဏ် .. တစ်ခုခုဖြစ်နေတာလား .."
"ငါက ဘာဖြစ်ရမှာလဲ ဘာမှမဖြစ်ဘူး မင်းသိချင်တာ ဒါဘဲမလား"
"သဝဏ် ဘာဖြစ်နေလဲဆိုတာ ကျွန်တော့်ကို ပြောမှ ကျွန်တော်က သိရမှာပေါ့ "
ဓန သဝဏ် တစ်ခုခုဖြစ်နေသည်ဟု ခံစားနေရသည်။ အရင်က ကိုယ်ဘယ်လောက် နောက်ကျသည်ဖြစ်စေ စောင့်နေတတ်သည့်သူက လွန်ခဲ့တဲ့ တစ်ပတ်ကစပြီး ဓနပြန်လာလျှင် အိပ်မောကျနေပြီဖြစ်သည်။ ညဘက် သေချာမတွေ့ရ၍ မနက်ဘက်ဆိုလျှင်လဲ ဓနအလုပ်သွားသည်အထိ သဝဏ်က အိပ်နေတတ်သည်။
YOU ARE READING
Making Purple Home (Complete)
Romanceဓနဂုဏ်ရှိန် + ပျိုးသဝဏ်လွှာ Age Gap - 14years Start Date - 20.2.2024 End Date - 12.5.2024 Written by -PyoeOuYim Own Creation (BL) စိတ်ကူးယဉ် ရေးသားထားသော ဇာတ်လမ်းဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ အမျိုးသားကိုယ်ဝန်ဆေ...