Part(11)Uni+Zaw

5.1K 193 0
                                    

ယနေ့သည် ခေတ်သစ်မြိုင် စံအိမ်ကြီးတွင် ကြီးကျယ် ခမ်းနားသော လက်ထပ်ပွဲအားကျင်းပသည့်နေဖြစ်သည်။ လက်ထပ်ပွဲ၏ အဓိက လူများဖြစ်သည့် သတိုးသားနှင့် သတိုးသမီးတို့၏ pre photoများကို အိမ်ရှေ့မှ ပွဲကျင်းပရာ နေရာရောက်သည်အထိ ဓာတ်ပုံများကိုထောင်ထားသည်။ အလှဓာတ်ပုံများ ရိုက်လိုသူများအနေဖြင့် ရိုက်ရန် အဆင်ပြေအောင် စီစဉ်ပေးထားသည်။ ပွဲလာရောက်သူများသည်လည်း သတိုးသားသတိုးသမီးတို့၏ လိုက်ဖက်မှုများကို ကြည့်ကာ ချီးမွမ်းကြသည်။

ပွဲလေးအတွက် ခေတ်မေက သဝဏ်ကို မြန်မာဝတ်စုံဝယ်ထားပေးသဖြင့် သဝဏ် ခဲရောင်မြန်မာဝတ်စုံလေးကို ဝတ်ထားသည်။ ပုဆိုးကိုတော့ သဝဏ် ဓနကိုသာ အကူအညီတောင်း၍ ဝတ်ခိုင်းထားရသည်။ သတိုးသား သတိုးသမီး နှစ်ဖက်ဆွေမျိုးတို့အား ဝတ်စုံဆင်တူစီစဉ်ထားသဖြင့် ဓနနှင့် သဝဏ်မှာ ဆင်တူလေးဖြစ်နေသည်။ သဝဏ်က ဆံပင်ရှည်အား ပုံမှန်သဝဏ်လုပ်နေကြအတိုင်း ဆံကျစ်လေးကျစ်ကာ ဘေးသို့ ချထားသည်။  ဓနကတော့ သူ့ဆံပင်လေးအားအနောက်ဘက်သို့ လှန်တင်ထားသည်။ ဓန၏ အရပ်မှ ရှည်လွန်းသော်လည်း ပုဆိုးဝတ်ထားသည့်အခါတွင် ကြည့်ရမဆိုးစေဘဲ ခန္ဓာကိုယ်မှာလဲ ‌အသက်အရွယ်နှင့် မလိုက်ဖက်အောင် ထွားသည်ဖြစ်၍ ပုံမှန်မြင်နေကြ ပုံစံတို့နှင့်မတူဘဲ ကွဲထွက်ကာ ကြည့်ကောင်းသည်ကိုတော့ သဝဏ် ဝန်ခံရမည်။

မနက်ပိုင်းတွင်  ဧည့်ခံပွဲ ကျင်းပ၍ ညနေပိုင်းတွင် ရင်းနှီးသူများနှင့် dinner ကျင်းပသည်။ သဝဏ် တစ်နေ့လုံးသိသူဟူ၍ တစ်ယောက်မှ မရှိသော်လည်း ရောက်လာသည့်သူတိုင်းကို ပြုံးပြ နှုတ်ဆက်နေရသည်ဖြစ်၍ အတော်ပင်ပန်းနေပြီဖြစ်သည်။ လာသည့်သူတိုင်းကို သွားဖြီးပြနေရ၍ ပါးစပ်လဲ အတော်ပင် ညောင်းနေပြီဖြစ်သည်။

အစ်ကိုနှင့် ခေတ်မေတို့က ညတွင်းချင်းပင် ဟန်နီးမွန်းထွက်ရန် စီစဉ်ထားကြသည်ဟုဆိုကြသည်။ သဝဏ် ပွဲမှ သိမ်းနေသည်များကို ကြည့်မနေတော့ဘဲ အိမ်ထဲတွင်လာလိုက်သည်။ အန်တီက အစ်ကိုနှင့် ခေတ်မေကို အခန်းထဲခေါ်သွားသည်ကို တွေ့လိုက်ရသည်။

သဝဏ် တစ်နေ့လုံးဘာမှ သေသေချာချာ မစယးရသေးသဖြင့် ဗိုက်အတောင်ပင်ဆာနေပြီဖြစ်သည်။ ထို့ကြောင့် သဝဏ် ထမင်းစားခန်းထဲသို့ ဝင်ကာ ထမင်းစားလိုက်သည်။ သဝဏ်က အခုရက်ပိုင်းတွင် ထမင်းစားရသည်မှာ အလွန်အရသာရှိနေ၍ ခဏလေးနှင့် စား၍ မပြီးတတ်ပေ။

Making Purple Home (Complete)Where stories live. Discover now