♡" ချစ်လွန်း၍ ကွာရှင်းခဲ့သည် "♡
အပိုင်း (၅၁) ဇာတ်သိမ်းပိုင်း
ဒီနေ့မှာတော့ မိုင်းနဲ့ရုန်းတို့ကို ' လ' အိမ်တော်သို့ သွားရောက်လည်ပတ်ရန် အပရမ်က စီစဉ်ပေးလေသည်။
သခင်ကြီးနှင့်သခင်မကြီးတို့ကလည်း သားနှင့်ချွေးမကို အတူတွဲပြီး ပြန်မြင်ရတော့မှာမှို့ စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။
" ရုန်း...ဒါက သခင်မကြီးအတွက် လက်ဆောင်ပစ္စည်းလေးပါ...အပရမ် ကိုယ်စားပေးခဲ့ပေးပါနော် "
အပရမ်က သစ်ကနက်သားပုတီးလက်ပတ်လေးကို ရုန်းလက်ထဲထည့်ပေးလိုက်သည်။
" ဒါက...Acacia ရဲ့ အမှတ်အသား လက်ပတ်လေး မဟုတ်လား ?"
ရုန်းက လက်ထဲက သစ်ကနက်သားလက်ပတ်လေးကို ငုံ့ကြည့်၍ မေးလိုက်သည်။
" ဒီလက်ပတ်လေးကို အပရမ်က ဘာလို့ သခင်မကြီးကို လက်ဆောင်ပေးချင်တာလဲဟင်?"
အပရမ်က သက်ပြင်းဖွဖွချလိုက်ပြီး ရုန်းကို ရှင်းပြသည်။
" အဲ့ဒါလေးက လျန်းရဲ့လက်ပတ်လေးပါ...သူက သူ့အမေကို သိပ်ချစ်ပေမယ့်...သူ့အမေက သူ့ရဲ့ဖြစ်တည်မှုကိုတောင် မသိခဲ့ရှာဘူး "
ရုန်း မေးလိုက်မိပြီးမှ နောက်တရနေမိသည်။
" ဟုတ်လား..."
ရုန်းစိတ်မကောင်းဖြစ်သွားခဲ့ရပြီး သူမမျက်တောင်ဖျားလေးများပင် တုန်ယင်လာသည်။ လျန်းအတွက် သူမရင်ထဲမှာ နာကျင်နေရဆဲပင်။
" ဟုတ်ပါပြီ...သခင်မကြီးလက်ထဲရောက်အောင် တို့ပို့ပေးပါ့မယ်နော် "
" ကျေးဇူးပါနော်... ရုန်း "
အပရမ်လည်း မျက်နှာမကောင်းလှပေ။
" အားလုံးအဆင်သင့်ဖြစ်ရင် သွားရအောင်လေ "
အခုလေးတင် အဝတ်လဲပြီး အခန်းထဲမှ ထွက်လာသည့် မိုင်းတစ်ကိုယ်လုံးက သပ်ရပ်ချောမောနေသည်။
အပရမ်အကြည့်တို့ကို လွှဲလိုက်ပြီး သူတို့နှစ်ယောက်ကို ကားပါကင်အထိလိုက်ပို့ပေးသည်။
အိမ်ထဲက ထွက်လာချိန်၌ အပြင်ဘက်မှာ လေအေးများ ဆက်တိုက်တိုက်ခက်နေသည်။