Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း
- အချစ်၏ ပထမဆုံးရင်ခုန်သံ -
အပိုင်း - ၂၇
၂၇.၁
ရွာထဲရှိကာလသားများသည် တစ်ညလျှင်ငါးယောက်နှုန်းဖြင့် တစ်ယောက်တစ်လှည့်စီကင်းစောင့်ရမည်ဟု သူကြီးကအမိန့်ထုတ်လိုက်သဖြင့် မြင့်မြတ်တို့ကာလသားများသည် မိမိတို့နှင့်အဆင်ပြေသည့်ကာလသားများကိုစုစည်း၍ အဖွဲ့လေးများခွဲလိုက်ရာ ဆယ်ဖွဲ့ရသည် ။ ထို့ကြောင့် မိမိတို့အဖွဲ့ကဦးဆောင်ကာ ယနေ့ည အရင်ကင်းစောင့်ရန်အများသဘောတူဆုံးဖြတ်လိုက်ကြသည် ။ မိမိတို့၏သဘောအတိုင်း ညခုနစ်နာရီထိုးသည်နှင့် ရွာထိပ်ရှိကင်းတဲဆီသို့ ထွက်လာခဲ့လိုက်သည် ။
မြို့သားက မိမိတို့အဖွဲ့ထဲတွင် စိုးတင့်ကိုထည့်ပေးလိုက်သဖြင့် စိုးတင့်၏လှုပ်ရှားမှုမှန်သမျှကို အနီးကပ်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သော်လည်း တရားခံက စိုးတင့်မဟုတ်လျှင် မြို့သားအတွက်သာမကပဲ တစ်ရွာလုံးအတွက်ပါ စိုးရိမ်ရမည်ဖြစ်သည် ။
သို့သော် ...
ထိုကိစ္စကို စိတ်မပူနိုင်သေး ။ မိမိတို့ကင်းစောင့်နေစဥ်အတွင်း ဓားပြများဝင်မလာရန်က ပို၍အရေးကြီးသောကြောင့် တစ်ဖွဲ့လုံးကိုအသံတိတ်နေရန်မှာထားပြီး ကင်းတဲထဲမှ ဘေးပတ်ဝန်းကျင်ကို မျက်ခြည်မပြတ်စောင့်ကြည့်နေလိုက်သည် ။
၂၇.၂
ယနေ့ည ကိုမြင့်နှင့်စိုးတငိ့ပါဝင်သောကာလသားအုပ်စုက ရွာထဲတွင် ပထမဦးဆုံးအနေဖြင့် ကင်းစောင့်ကြမည်ဖြစ်သောကြောင့် သက်ဝေ ကိုမြင့်တို့တစ်ဖွဲ့လုံး အန္တရာယ်ဖြစ်မည်ကိုစိုးရိမ်မိသည် ။ ထို့ကြောင့် ကိုမြင့်တို့ထံလိုက်သွားရန်စိတ်ကူး၍ အိမ်တွင်အဆင်သင့်ရှိသောလက်ဖက်ကို ချဥ်ချဥ်စပ်စပ်လေးသုပ်လိုက်ကာ ကိုမြင့်တို့ရှိမည့် ရွာထိပ်ဆီသို့ ခပ်သွက်သွက်ထွက်လာခဲ့လိုက်သည် ။
အချိန်က ညခုနစ်နာရီခွဲခန့်သာရှိသေးသော်လည်း ဘေးရွာများ၌ ဓားပြတိုက်ခံရသည့်သတင်းကိုကြားထားသောရွာသားများသည် မိမိတို့အလှည့်သို့ရောက်လာမည်ကို ကြောက်ရွံ့နေကြဟန်တူသည် ။ အိမ်တိုင်းနီးပါးသည် မီးပိတ်၍ တိတ်ဆိတ်ငြိမ်သက်နေကြသည် ။ ထို့ကြောင့် ပတ်ဝန်းကျင်သည် အနည်းငယ်ထိတ်လန့်စရာကောင်းနေသည် ။
YOU ARE READING
အချစ်၏ ပထမဆုံးရင်ခုန်သံ(24)
Historical Fictionမြင့်မြတ်မောင် + သက်ဝေလင်း မြင့်မြတ်မောင် + သက်ဝေလင်း ⏭ 18.1.2024 ⏭ 12.9.2024